သက်တံ့
၁၈. ၁၁. ၂၀၂၆
အမေရိကန်ပြည်ထောင်စုနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံသုံးနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားသည့် လုံခြုံရေးအုပ်စုဖြစ်သော Quad အဖွဲ့ဝင်နိုင်ငံများသည် အရေးပါသော သတ္တုတွင်းထွက်ပစ္စည်း (Critical Minerals) ထောက်ပံ့ရေးကွင်းဆက်များ လုံခြုံစိတ်ချရစေရန် ရည်ရွယ်သည့် သဘောတူညီချက်များ ရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ပြောကြားလိုက်သည်။
ထရမ့်ပ်သည် အခြားသော Quad ခေါင်းဆောင်များဖြစ်ကြသည့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၊ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနိစ်နှင့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ တို့နှင့် ကြာသပတေးနေ့က ဖိလစ်ပိုင်နိုင်ငံတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
”ကျွန်တော်တို့ နိုင်ငံတွေဟာ လွတ်လပ်ပွင့်လင်းပြီး တည်ငြိမ်အေးချမ်းကာ သာယာဝပြောတဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ ထောင့်လေးထောင့်ပဲ ဖြစ်ပါတယ်” ဟု ထရမ့်ပ်က မနီလာမြို့ အစည်းအဝေးမတိုင်မီ ပြောကြားသည့် အမှာစကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။
အစည်းအဝေးအတွင်း အရေးပါသော သတ္တုတွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်များသည် “မည်သည့် ပြည်ပရောင်းချသူ တစ်ဦးတစ်ယောက်တည်း၏ အကျပ်ကိုင်မှုကိုမဆို” တားဆီးရန် ရည်ရွယ်ကြောင်း ထရမ့်ပ်က ပြောကြားခဲ့သော်လည်း ကမ္ဘာ့ရှားပါး မြေရှားသတ္တု (Rare Earth) ထောက်ပံ့မှုကို လွှမ်းမိုးထားသည့် တရုတ်နိုင်ငံ၏ အမည်ကိုမူ တိုက်ရိုက်ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။
ထို့အပြင် မြေရှားသတ္တုများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် ၁၀ လအတွင်း “လိုအပ်သမျှ အရာအားလုံး” ရရှိတော့မည်ဖြစ်ကြောင်း ထရမ့်ပ်က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
”ကျွန်တော်တို့ဟာ အရင်က တစ်ခါမှ မထုတ်လုပ်ခဲ့ဖူးတဲ့ အတိုင်းအတာအထိ ရှားပါးမြေရှားသတ္တုတွေကို ထုတ်လုပ်နေပါပြီ။ ၁၀ လအတွင်း သူတို့ [တရုတ်] ကို အမီလိုက်နိုင်တော့မှာပါ” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က အမေရိကန်နှင့် ကုန်သွယ်ရေး အငြင်းပွားမှုများအတွင်း ရှားပါးမြေရှားသတ္တု တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ ဇွန်လတွင်မူ နှစ်ဖက်စလုံးက တရုတ်၏ မြေရှားသတ္တု ထောက်ပံ့မှုများကို အမေရိကန်က ပြန်လည်ရရှိစေရန် ရည်ရွယ်သည့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည်။
ခေါင်းဆောင်များ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် Quad အဖွဲ့က ထင်သလို ပို့ကုန်ကန့်သတ်ခြင်း အပါအဝင် စီးပွားရေးအရ အကျပ်ကိုင်မှုများအပေါ် “အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း” ဖော်ပြခဲ့သည်။


ထုတ်ပြန်ချက်တွင် မည်သည့်နိုင်ငံကိုမျှ အမည်တပ် ဖော်ပြထားခြင်း မရှိသော်လည်း အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သည် လျှပ်စစ်ကားများမှအစ မိုဘိုင်းဖုန်းများအထိ ထုတ်လုပ်ရာတွင် မရှိမဖြစ် အရေးပါသော မြေရှားသတ္တု တင်ပို့မှုအပေါ် တရုတ်၏ ကန့်သတ်ချက်များနှင့် ပတ်သက်၍ မကျေမနပ် ပြောဆိုခဲ့ကြသည်။
အာရှ၏ အကြီးဆုံး စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး သိသိသာသာ ဆိုးရွားလာသည်နှင့်အမျှ တရုတ်နိုင်ငံသည် အဓိကကျသော သတ္တုတွင်းထွက်ပစ္စည်းများ ဂျပန်နိုင်ငံသို့ တင်ပို့မှုကို တစ်နှစ်နီးပါးကြာ လုံးဝနီးပါး ဖြတ်တောက်ထားခဲ့သည်။
ယခုအစည်းအဝေးသည် ၎င်း၏ ရှေ့မှသမ္မတ ဂျိုးဘိုင်ဒင်က အဓိကကျသော နိုင်ငံခြားရေးမူဝါဒ ခြေလှမ်းတစ်ရပ်အဖြစ် သတ်မှတ်ခဲ့သည့် Quad အဖွဲ့၏ အစည်းအဝေးသို့ ထရမ့်ပ် ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်သည်။
Dublin တက္ကသိုလ်ကောလိပ် (University College Dublin) Clinton Institute မှ နိုင်ငံတကာနိုင်ငံရေး ပါမောက္ခ စကော့ လူးကပ်စ် (Scott Lucas) က ယခုအစည်းအဝေးသည် Quad အဖွဲ့တွင် “လုပ်ငန်းလည်ပတ်နိုင်စွမ်းရှိသော ဆက်ဆံရေး” ရှိနေသေးကြောင်း ပြသနေသည်ဟု Al Jazeera သို့ ပြောကြားခဲ့သည်။
”အိန္ဒိယအပေါ် ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေနဲ့ အိန္ဒိယဘက်က မိတ်ဖက်သစ်တွေ ရှာဖွေတုံ့ပြန်ခဲ့တာတွေ အပါအဝင် ထရမ့်ပ်အစိုးရလက်ထက်အတွင်း Quad အဖွဲ့အပေါ် ထိခိုက်မှုတွေ ရှိခဲ့ပေမဲ့ အခုလို Quad အစည်းအဝေးနဲ့ ထုတ်ပြန်ချက်တွေက လုပ်ငန်းလည်ပတ်နိုင်စွမ်းရှိတဲ့ ဆက်ဆံရေး ရှိနေသေးကြောင်း စိတ်ချယုံကြည်မှု ပေးပါတယ်” ဟု လူးကပ်စ်က ပြောသလို “ထရမ့်ပ်တို့ အုပ်စုက မဟာမိတ်ဖွဲ့မှုတွေကို ယုံကြည်တယ်လို့ ကျွန်တော် မထင်တဲ့အတွက် ဒါကို မဟာမိတ်အဖွဲ့လို့ ခေါ်သင့်မခေါ်သင့်တော့ မသေချာပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ထရမ့်ပ်သည် အာရှသို့ သုံးရက်ကြာ ခရီးစဉ်၏ ပထမနေ့တွင် မနီလာမြို့၌ ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးသို့လည်း တက်ရောက်ခဲ့သည်။
ဖိလစ်ပိုင်ခရီးစဉ်အပြီးတွင် ထရမ့်ပ်သည် တရုတ်နိုင်ငံသို့ သွားရောက်၍ ရှန်ကျန်း (Shenzhen) မြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ကြာသပတေးနေ့တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ရန် မျှော်လင့်ရသည်။
အဆိုပါ ဆွေးနွေးပွဲများသည် “ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” အပါအဝင် “အလှည့်အပြောင်းဖြစ်စေမည့် အရေးပါသော” အကြောင်းအရာများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထရမ့်အပ်စိုးရအဖွဲ့မှ အရာရှိများကို ပစ်မှတ်ထားရန်အတွက် အီရန် (တီဟီရန်) က “Dirty Bomb” ဟုခေါ်သော ရေဒီယိုသတ္တိကြွဗုံးတစ်မျိုးကို အသုံးပြုရန် အစီအစဉ်များ ရေးဆွဲနေကြောင်း အမေရိကန် ထောက်လှမ်းရေးက တွေ့ရှိခဲ့သည်ဟူသော CNN သတင်းဌာန၏ ဖော်ပြချက်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ထရမ့်ပ်က ယင်းကိစ္စကို “စုံစမ်းစစ်ဆေးနေကြောင်း” ပြောကြားခဲ့သည်။
အကယ်၍ အီရန်သည် ဝါရှင်တန်အပေါ် လက်ငင်းကျရောက်တော့မည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါက “ဘယ်နိုင်ငံမှ တစ်ခါမှ မပေးဆပ်ခဲ့ဖူးတဲ့ တန်ဖိုးမျိုးကို သူတို့ ပေးဆပ်ရလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
အီရန်အနေဖြင့် ခြိမ်းခြောက်မှု မပြုလုပ်ရန် ၎င်းအနေဖြင့် မျှော်လင့်သော်လည်း “သူတို့က ရူးသွပ်နေကြသူတွေ ဖြစ်နေတဲ့အတွက်” ထိုသို့သော အခြေအနေမျိုးကို အလွန်အလေးအနက်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂေး (Esmaeil Baghei) က လူမှုကွန်ရက် X တွင် ရေးသားရာ၌ “အီရန်အပေါ် ကျူးကျော်စော်ကားမှု စတင်ခဲ့သူတွေဟာ New York Times မှာ မကြာသေးခင်က ဖော်ပြခဲ့တဲ့ စွပ်စွဲချက်တွေနဲ့ CNN က ဖြန့်ဝေနေတဲ့ ‘Dirty Bomb’ ဆိုတဲ့ လုပ်ကြံဖန်တီးထားတဲ့ မီဒီယာဇာတ်လမ်းတွေ အပါအဝင် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ဖန်တီးဖြန့်ဝေခြင်းအားဖြင့် သူတို့ရဲ့ မကောင်းတဲ့ အကြံအစည်တွေအတွက် မီဒီယာအခင်းအကျင်း ခင်းကျင်းဖို့ ကြိုးစားနေကြတာပါ” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
Ref: Al Jazeera & Reuters
