၂၂.၅.၂၀၂၄
Photo & Writter Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြသာစံမြို့နယ်ရှိ ကျုံးလေးပြင်လေးရပ်၌ သံဃာတော် ၁၀,၂၇၂ ပါးတို့အားမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးမှူး၍ မြို့နေအလှူရှင်များမှစုပေါင်းကာ ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများလောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာသနာတော်နှစ်၂၅၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ အထိမ်း အမှတ်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)၊ ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက် နံနက် ၆ နာရီကစတင်ပြီး ကျုံးအရှေ့ဘက်(အရှေ့ပြင်) ၆၆ လမ်းအတိုင်း၊ ကျုံးတောင်ဘက် (တောင်ပြင်)၂၆ လမ်းအတိုင်း၊ ကျုံးအနောက်ဘက် (နောက်ပြင်) လမ်း ၈၀ အတိုင်းနှင့် ကျုံးမြောက်ဘက်(မြောက်ပြင်) ၁၂ လမ်း စသည့် လမ်းတစ်လျှောက်တို့တွင် သံဃာတော် ၂,၅၆၈ ပါးစီတို့ဖြင့် စုစုပေါင်းသံဃာတော် ၁၀,၂၇၂ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လောင်းလှူပွဲအခမ်းအနားကို မြို့နေပြည်သူလူထုများကသောင်းသောင်းဖြဖြစုပေါင်းကာ လောင်းလှူခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ကြွရောက်လာသော သံဃာတော်ရှင်သူမြတ်များက ကျုံးလေးပြင်လေးရပ်လုံး၌ ပရိတ်တော်ရွတ်ဖတ်ပူဇော်ခြင်း၊ သီလပေးတရားနာခြင်းနှင့် အလှူရှင်များအား သာဓုအနုမောဒနာမျှဝေပြီးနောက် သံဃာတော်များအား အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လောင်းလှူခဲ့ခြင်းဖြစ်သည်။

“မနှစ်ကစပြီး အခုလို ကျုံးလေးပြင်လေးရပ်မှာ သံဃာတော် အရှင်သူမြတ်တွေကို ဆွမ်းနဲ့ လှူဖွယ်ပစ္စည်းတွေနဲ့ မြို့သူမြို့သားတွေက ၂ နှစ်ဆက်တိုက် စည်ကားသိုက်မြိုက်စွာ ကပ်လှူကြတာမြင်ရတော့ အလွန်ပင် ကျက်သရေမင်္ဂလာရှိလှပါတယ်။ မနှစ်ကတော့ သံဃာတော် ၁၀၂၆၈ ပါးဖြစ်ပြီး ဒီနှစ်တော့ ၁၀၂၇၂ ပါးဆိုတော့ ဒီနှစ်က ၄ ပါးပဲ ပိုခဲ့တာပါ။ မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးက သံဃာတော်တွေကို မျှပြီး ပင့်ဖိတ်ကာ လောင်းလှူကြခြင်းဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဗုဒ္ဓနေ့မှာ အခုနှစ်လိုပဲ နှစ်စဉ် အစဉ်အလာမပျက် ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်”ဟု ဆွမ်းလောင်းပွဲသို့ တက်ရောက်လာသည့် မြို့နေပြည်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့်ဇနီး၊ တိုင်း‌ဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နေပြည်သူလူထုများက တက်ရောက်လာကြပြီး သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *