၁၆.၅.၂၀၂၄
Written by KL
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၈/၆) အနီးတွင် ယနေ့(မေလ ၁၆ ရက်)နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က JJ Express (အဝါရောင်)ယာဉ်က ကန်တာယာဥ်ကို အနောက်မှ ဝင်တိုက်သဖြင့် ယာဥ်နောက်လိုက် ၁ ဦးသေဆုံးကာ ခရီးသည် ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း မီးသတ်စခန်းထံမှ သိရသည်။
ဖြစ်စဥ်မှာ နေပြည်တော်မှ မန္တလေးဘက်အခြမ်းသို့ မောင်းနှင်လာသော CANTER အမျိုးအစားအဖြူရောင်ယာဉ်ကို လားရာတူ မောင်းလာသော ခရီးသည် ၁၅ ဦးလိုက်ပါလာသည့် JJ Express အဝါရောင် ခရီးသည်တင်ယာဉ်က အနောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
“JJ ခရီးသည်ကားက နေပြည်တော်ကနေ မန္တလေးကို ပြေးဆွဲတဲ့ကားပါ၊ ကန်တာကိုဝင်တိုက်ပြီးတော့ လမ်းလယ်ကျွန်းကိုကျော်ပြီး ခရီးသည်ကားက တစ်ဖက်ယာဥ်ကြောကို ရောက်သွားတာ။ ကားခေါင်းမှာညပ်နေတဲ့ ယာဥ်နောက်လိုက်ကတော့ ဆုံးသွားတယ်”ဟုကယ်ဆယ်ရေး သွားရောက်ဆောင်ရွက်ခဲ့သည့် စကားအင်းအမြန်လမ်း မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် ကားခေါင်းအတွင်း ညပ်နေသော အသက် ၂၅ နှစ်ခန့်အရွယ် ယာဥ်နောက်လိုက် အမျိုးသားမှာ ဦးခေါင်းညာဘက်တွင် သံချောင်းစိုက်မိ၍ ပွင့်ထွက် ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ခရီးသည် အမျိုးသားတစ်ဦးမှာ ဦးခေါင်းညာဘက်ခြမ်းတွင် သွေးထွက်ဒဏ်ရာရရှိသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။
ယာဥ်တိုက်မှုကို စကားအင်း အမြန်လမ်း မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦးဖြင့် ၄၅ မိနစ်ခန့်အကြာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို ဥမျှင်ကျေးရွာမှ ပရဟိတအသင်းပိုင်သူနာတင်ယာဉ်ဖြင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။