၁၆.၅.၂၀၂၄
Written By Thandar
ပရဟိတမိခင်ကြီးလို့ ချစ်ရတဲ့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီး ခိုင်နှင်းဝေကတော့ ယခင်ကတည်းက မွေးစားထားတဲ့ သမီးငယ် ရွှန်းရွှန်း ရထားတဲ့ အခွင့်အရေးတွေကြောင့် ဂေဟာက ကလေးတွေ အားငယ်နေမှာစိုးရိမ်မိတယ်လို့ ပြောပါတယ်။
” ကျွန်မဆီမှာ ကိုယ်တိုင်မွေးထားတဲ့ သမီးရှိရင်လည်း ဒီကလေးတွေနဲ့ အတူကြီးပြင်းအောင် ပြောမှာပါပဲ။ အလှူ ရှင် ရှိရှိမရှိရှိ ကိုယ်တာဝန်ယူထားတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ရမှာပါ။ ရွှန်းရွှန်း နေမကောင်းဖြစ်နေတာကို ကျွန်မကို အမေတို့က မပြောဘူးလေ။ ပြောမှ ကျွန်မသိမှာပေါ့။ ကျွန်မစိတ်ထဲမှာ ကလေးတွေနဲ့ ရွှန်းရွှန်းကို တန်းတူထားနိုင်မှ ကျွန်မနဲ့အဆင်ပြေမှာ။ တန်းတူမထားနိုင်ရင် ကျွန်မအတွက်အဆင်မပြေဘူး။ ကျွန်မအတွက်မဟုတ်ဘူး ကလေးတွေအတွက်လေ။ ဒီဂေဟာက ကလေးတွေကြီးလာရင် ဘာမေးမလဲဆိုတော့ သူတို့တွေစိတ်အားငယ်သွားမှာ။ သူ့တို့စိတ်အားငယ်မှာ တစ်ခုတည်းမဟုတ်ဘူးလေ။ သူ့အတွက်တင်မဟုတ်ဘူး ရွှန်းရွှန်းအတွက်လည်း ကျွန်မကြည့်တယ်။ ရွှန်းရွှန်းလေး စိတ်အားငယ်မှာလည်း စိုးရိမ်ပါတယ် “လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။
သူမကတော့ အဆိုပါ ကိစ္စရပ်တွေဖြစ်နေကြတာ ကြာပြီဖြစ်ပြီးတော့ လူသိရှင်ကြားဖြစ်အောင် ချပြခြင်းမရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ ခိုင်နှင်းဝေရဲ့ မိခင်ဖြစ်သူနဲ့ ရွှန်းရွှန်းက အတူနေထိုင်လျက်ရှိတာလည်းဖြစ်ပါတယ်။
မိခင်ဖြစ်သူကို လစဉ်လိုအပ်တာတွေ ထောက်ပံ့ပေးနေလျှက်ရှိသလို တစ်ဖက်က ဂေဟာရယ် အနုပညာအလုပ်တွေနဲ့မို့ မိခင်အိမ်ကို အချိန်ပေးမသွားနိုင်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာတော့ ရင်ခွင့်မဲ့ကလေးငယ် ၁၀၉ ယောက်ကို စောင့်ရှောက်နေရတာလည်းဖြစ်ပါတယ်။ အမြွှာ ကျားမ အ တွဲလိုက်လေးရဲ့ သမီးငယ်လေးက တော်တော်လေးချူခြာနေလို့ ဆေးရုံတင် ဆေးကုသမှုခံယူနေတာလည်းဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ဘဝလေးတွေ ငယ်ငယ်ထဲက အသားကျအောင် ဒီဟာတွေ ပျော်မွေ့စေချင်တာ။ ကြီးလာမှသူများပြောလို့ သိရတဲ့အသိတရားနဲ့သိမ်ငယ်ပြီးတော့ မကြီးပြင်းစေချင်ပါဘူး။ အမေ့ကိုလည်းရှင်းပြတယ်။ ရွှန်းရွှန်းကို သမီးနဲ့ထားရင် အနီးကပ်စောင့်ရှောက်ပြီး ဘယ်လိုပြုစုပျိုးထောင်ပေးမယ့်အကြောင်း အိပ်မက်တွေထည့်မက်ရှင်းပြနေတဲ့အထိပါပဲ။ ရွှန်းရွှန်းလေးကိုလည်း ကျွန်မချစ်ပါတယ်။ ဒါကို အမေက ဒီကလေးနဲ့အတူ မထားဘူး စတာဖြစ်လာတယ်။ ကျွန်မရဲ့အမေကိုလည်း ကျွန်မချစ်တယ်။ ကလေးတွေအများကြီးဘက်က ကျွန်မရပ်တည်ပေးရမှာပါပဲ။ ကျွန်မ အမေက ဂေဟာက ကလေးလေးတွေနဲ့ ရွှန်းရွှန်းလေးနဲ့ရောနှောထားလိုက်တာကို သူမခံနိုင်ဘူး။ သူက မကြည့်ရက်ဘူးလို့ပြောတယ်။ အဲ့ဒီကတည်း က ရွှန်းရွှန်းပုံတွေမတင်တော့ဘူး”လို့ သူမက ဆက်ပြောပါတယ်။
ရွှန်းရွှန်းလေးကတော့ ဂေဟာမဖွင့်လှစ်ခင်ကတည်းက တခြားဂေဟာတစ်ခုကနေ ခေါ်ယူမွေးစားခဲ့တဲ့အတွက် ခိုင်နှင်းဝေရဲ့ မိခင်က သူမအိမ်မှာအတူနေထိုင်ပြီး မြေးအရင်းတစ်ယောက်လို့ သံယောဇဉ်တွယ်နေတာလည်းဖြစ်ပါတယ်။