၁၀.၅.၂၀၂၄
Written By Thandar

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) က ဦးဆောင်ကြီးမှူးကျင်းပတာနဲ့အတူ မြန်မာ့ရိုးရာမပျက် လွန်ဆွဲပွဲကြီးကို အနုပညာရှင်များစွာနဲ့ ယနေ့ မေလ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အောင်ချမ်းသာလမ်းရှိ သဘင်ခြံမှာ ကျင်းပခဲ့ပါတယ်။

” ဒီနှစ် နွေက အရမ်းကို အပူဒဏ်တွေအရမ်းမြင့်တက်ပြီးတော့ မိုးခေါင်တယ်လို့လည်း ပြောလို့ရပါတယ်။ လူတွေ အားလုံးလည်း အပူဒဏ်ကို မခံနိုင်ဖြစ်နေကြတယ်။ အမေမွှေးတို့ မန္တလေးဘက်မှာတော့ လွန်ဆွဲပွဲတွေကတော့ နှစ်အလိုက် လုပ်ဖြစ်ကြတယ်။ မန္တလေးမှာဆို လွန်ဆွဲလို့မိုးတွေရွာခဲ့ကြတယ်လေ။ အမေမွှေး ရန်ကုန်ရောက်တော့ တော်တော်လေး ပူနေတော့ ရှေးရိုးမပျက် မြန်မာ့ရိုးရာလွန်ဆွဲဖို့ သဘင်လောကသားတွေ စုစည်းပြီးတော့ ခုလိုလွန်ဆွဲပွဲလေးလုပ်ဖြစ်တာပါ။ အားလုံးက စည်းစည်းလုံးလုံး လွန်ဆွဲပွဲလုပ်ဖြစ်လို့လည်း ကိုယ့်လောကသားတွေ တွေ့ပြီး ကျင်းပရတာ ပီတိလည်းဖြစ်ရပါတယ်” လို့ မင်းသမီးကြီး နန်းခင်‌‌မွှေးက MT Entertainment ကို ပြောပါတယ်။

သဘင်မိသားစုဝင်တွေရဲ့ စည်းလုံးညီညွတ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြတဲ့ မြန်မာ့ရိုးရာလွန်ဆွဲပွဲကြီးမှာတော့ သဘင် ပညာရှင်တွေဖြစ်တဲ့ ရွှေမန်းချမ်းသာ ၊ မင်းသမီးကြီးနန်းခင်မွှေး ၊ မိုးဒီ ၊ တိမ်ညွန့် ၊ ကြာစိ ၊ ကြယ်သီး ၊ အောင်ခိုင် ၊ ပတ္တမြားကေခိုင် ၊ မေမြတ်နိုးခင် ၊ မောင်ပြည့်ဝ (ပန်းဝေသီ) ၊ ဝိုင်းချစ် စတဲ့ လာရောက်အားဖြည့်သူတွေကို မြန်မာ့ရိုးရာမုန့် ဘိန်းမုန့် ၊ မုန့်လက်ဆောင် ၊ အအေး ၊ ကြာဇံချက် မုန့်ပဲသရေစာတွေနဲ့ ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *