၁၀. ၅. ၂၀၂၄
Written by Nyein Kyaw

စက်သုံးဆီအရောင်းဆိုင်များကို တာဝန်ရှိသူများက ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် တစ်ပတ်အတွင်း ဓာတ်ဆီဈေးနှုန်း ကျပ် ၁၈၀ ခန့်နှင့် ဒီဇယ်ဈေးနှုန်း ကျပ် ၈၀ ခန့် ပြန်လည်ကျဆင်းလာခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်မှ တာဝန်ရှိသူများ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့များက နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တဆင်ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း မေလ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီး နှစ်ရက်မြောက်နေ့ဖြစ်သည့် မေလ ၁၀ ရက် ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂၆၆၀ ကျပ်သို့ ပြန်ပြုတ်ကျခဲ့ပြီး တစ်ပတ်အတွင်း ၁၇၅ ကျပ်ကျဆင်းခဲ့သလို ဓာတ်ဆီ ၉၅ တစ်လီတာ ၂၇၆၅ ကျပ်သို့ ပြန်ပြုတ်ကျခဲ့ပြီး တစ်ပတ်အတွင်း ကျပ် ၁၈၀ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ထို့အတူ ရိုးဇယ်တစ်လီတာ ၂၃၂၅ ကျပ်သို့ ပြန်ပြုတ်ကျခဲ့ပြီး တစ်ပတ်အတွင်း ၇၅ ကျပ် ကျဆင်းခဲ့သလို ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၃၇၀ သို့ ပြန်ပြုတ်ကျခဲ့ပြီး တစ်ပတ်အတွင်း ကျပ် ၈၀ ကျဆင်းလာခဲ့သည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့် မေလ ၄ ရက်မှစတင်၍ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၈၃၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၉၄၅ ကျပ်၊ ရိုးဇယ်တစ်လီတာ ကျပ် ၂၄၀၀ နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၂၄၅၀ တို့အထိဖြစ်ပေါ်နေခဲ့ရာမှ ယနေ့တွင် စက်သုံးဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *