၁၀. ၅. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ ကွာလာလမ်ပူက ကလပ်တစ်ခုမှာ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးလို ဝတ်ဆင်ပြီးဖျော်ဖြေခဲ့တဲ့ တောင်ကိုရီးယား DJ တစ်ဦးဟာ မလေးရှားနိုင်ငံက ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေဆီက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး နောက်ထပ်ကျင်းပမဲ့ ဖျော်ဖြေပွဲတွေကိုလည်း ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားက DJ NewJeansNim ဟာ မေလ ၃ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူက အက ကလပ်တစ်ခုမှာ ဘုန်းကြီးတစ်ပါးလိုဝတ်ဆင်ပြီး ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုက အွန်လိုင်းမှာ မကြာသေးမီရက်ပိုင်းအတွင်းက ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကာ လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

DJ သမားရဲ့ဖျော်ဖြေတင်ဆက်မှုဟာ ဗုဒ္ဓဘာသာတန်ဖိုးတွေကို “ထိခိုက်စေပြီး မလေးစားခြင်း” ဖြစ်တယ်လို့ ကိုးကွယ်သူတွေဆီက တိုင်ကြားစာတွေ လက်ခံရရှိခဲ့ကြောင်း မလေးရှား ဗုဒ္ဓဘာသာအစည်းအရုံး (YBAM) က အထွေထွေအတွင်းရေးမှူးချုပ် Eow Shiang Yen က ပြောကြားခဲ့ပြီး အက ကလပ်တွေလိုမျိုး ဖျော်ဖြေရေးနေရာတွေမှာ သံဃာတော်တွေလိုမျိုး အယောင်ဆောင်ခြင်းဟာ မသင့်လျော်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ခုလိုလုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာရဲ့မြင့်မြတ်မှုကို ပျက်ပြားစေရုံသာမက စစ်မှန်တဲ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတွေအပေါ် လူအများရဲ့နားလည်မှုကို မှုန်ဝါးသွားစေနိုင်ကြောင်းလည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မလေးရှားတရုတ်အသင်း (MCA) ဥက္ကဋ္ဌ Datuk Seri Dr Wee Ka Siong ကလည်း ကွာလာလမ်ပူ အကကလပ်မှာ DJ NewJeansNim ထပ်မံဖျော်ဖြေခြင်းကနေ တားဆီးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပြီး ဗုဒ္ဓဘာသာရဲ့ မြင့်မြတ်မှုနဲ့ ဘာသာရေးသဟဇာတဖြစ်မှုကို ထိန်းသိမ်းဖို့အတွက် NewJeansNim ကို မလေးရှားနိုင်ငံအတွင်း ဝင်ရောက်ခြင်းကနေ တားမြစ်ဖို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် DJ NewJeansNim က ဘုန်းကြီးလိုဝတ်ဆင်ပြီး ဘာသာရေးကို ထိခိုက်လွယ်အောင် မလုပ်ခဲ့ဘူးဆိုရင် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကလည်း အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေကို ဆန့်ကျင်မှာမဟုတ်ဘူးလို့ သူက ပြောခဲ့ပါတယ်။

ဖျော်ဖြေပွဲ ကျင်းပခဲ့တဲ့ Gemu Club ကတော့ ကနဦးက အားပေးမှုများခဲ့တာကြောင့် မေလ ၂၁ ရက်နေ့မှာ DJ NewJeansNim ရဲ့ဒုတိယမြောက် ဖျော်ဖြေပွဲကို ကျင်းပဖို့ ကြေညာခဲ့ပေမဲ့ မေလ ၈ ရက်မှာတော့ ပွဲကို ဖျက်သိမ်းကြောင်း ပြန်လည်ကြေညာခဲ့ပါတယ်။

Ref; The Star

Leave a Reply

Your email address will not be published. Required fields are marked *