၁၀. ၅. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံရေးသဘောထားကွဲလွဲမှုများကို ဖြေရှင်းရာတွင် ပညာတတ်နည်းပါးသည့် နိုင်ငံများ၌ ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် လူတိုင်းစာတတ်မြောက်ရေး ဆောင်ရွက်မှုမှတစ်ဆင့် ပညာတတ်များပေါကြွယ်ဝရေးကို ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ယမန်နေ့က ကျင်းပသည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပညာတက်ပေါကြွယ်ဝသည့် နိုင်ငံများသည် အသိပညာကြွယ်ဝကြသဖြင့် မည်သည့် နိုင်ငံရေးစနစ်ကိုမဆို ကျင့်သုံးသည်ဖြစ်စေ တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရကြောင်း၊ နိုင်ငံရေးနှင့် ပတ်သတ်၍ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှုအနေဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်ကြသော်လည်း ပညာတတ်နည်းပါသည့် နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာတတ်များ ပေါကြွယ်ဝစေရေးအတွက် လူတိုင်းစာတတ်မြောက်ရေးကို ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ပညာတတ်များပေါကြွယ်ဝရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းကောက်ယူမှု စာရင်းများအရ စာတတ်မြောက်မှုရာခိုင်နှုန်း ပျှမ်းမျှအားဖြင့် ၉၂ ရာခိုင်နှုန်းခန့်ရှိသော်လည်း အများစုအနေဖြင့် မူလတန်းပညာကိုသာ တတ်မြောက်ကြခြင်းဖြစ်ပြီး ကျောင်းနေအရွယ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း အသိပညာ၊ အတတ်ပညာများ ရရှိအောင် ဖန်တီးပေးရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ပညာရေးအခြေအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ပင် တန်းစဉ်ကူးပြောင်းမှုများသည် နှစ်စဉ်လျော့နည်းခဲ့သည်ကို အချက်အလက်များအရ သိရှိရပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လည်း တန်းစဉ်ကူးပြောင်းမှုများသည် လျော့နည်းနေသည်ကို တွေ့မြင်ရကြောင်း၊ ထိုသို့ တန်းစဉ်ကူးပြောင်းမှု လျော့နည်းခြင်းသည် နိုင်ငံအတွင်း ပညာတတ်ပေါကြွယ်ခြင်းကို ထိခိုက်စေလျက်ရှိသဖြင့် တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တန်းစဉ်ကူးပြောင်းမှုတွင် မပါဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အသိပညာအတတ်ပညာများ လေ့လာဖတ်ရှုနိုင်ရေး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်မှုနှင့် ပတ်သက်၍ အွန်လိုင်းမီဒီယာများ၌ စာဖတ်ရှုနိုင်သည်ဖြစ်သော်လည်း အဆိပ်အတောက် သတင်းအချက်အလက်များ လွှမ်းမိုးနေသည်ဖြစ်၍ မိမိဘကို အကျိုးရှိစေမည် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *