၁၀. ၅. ၂၀၂၄
Written by Nyein Kyaw

နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဘဏ်ဝန်ဆောင်မှုမဆောင်ရွက်နိုင်သည့် ဘဏ်ခွဲများမှ အငြိမ်းစားများ မထုတ်ယူနိုင်ခဲ့သည့် နှစ်လွန်ပင်စင်များကို မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ပြန်လည်ထုတ်ယူခွင့် လျှောက်ထားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ အသိပေးကြေညာထားသည်။

လတ်တလောဖြစ်ပေါ်နေသော နယ်မြေလုံခြုံရေးအခြေအနေများအရ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားသည့် ဘဏ်ခွဲများနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ဘဏ်ခွဲများမှ အငြိမ်းစားများ နှစ်လွန်ပင်စင်လျှောက်ထားရာတွင် အခက်အခဲရှိနေခြင်းဖြစ်သည်။

အထက်ပါ အငြိမ်းစားများ၏ နှစ်လွန်ပင်စင်လစာ ပြန်လည်လျှောက်ထားမှု အဆင်ပြေစေရန်အတွက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁ ရက်မှစတင်၍ တစ်နှစ်ထက်ကျော်လွန်ပြီး ပင်စင်လစာထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားများအား ယာယီအစီအစဉ်အနေဖြင့် နီးစပ်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် နှစ်လွန်ပင်စင် ပြန်လည်ထုတ်ယူခွင့်ကို လျှောက်ထားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည့် ဘဏ်ခွဲများမှ အငြိမ်းစားများအနေဖြင့် နှစ်လွန်ပင်စင်ကိစ္စရပ်များအား ယခင်တည်ဆဲနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာကို e-Pension ကတ်များဖြင့် မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်ခွဲများတွင် တစ်ဘဏ်နှင့်တစ်ဘဏ် ပြောင်းရွှေ့ရန်မလိုဘဲ ဝန်ဆောင်ခအခမဲ့ဖြင့် ထုတ်ယူနိုင်မှုကို ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News