၉. ၅. ၂၀၂၄

Written by Nay Moe

အမေရိကန်ထောက်လှမ်းရေးက သုံးသပ်တွက်ချက်ထားသလို လက်ရှိအခြေအနေကြီးမှာ နှစ်ဖက်စလုံးက နိုင်ခြေမရှိဘူးလို့ သုံးသပ်ထားပေမဲ့ နှစ်ဖက်စလုံးကလည်း တစ်ဖက်ဖက်က ပြုတ်ကိုပြုတ်ရမယ်ဆိုတဲ့ မူတွေ ကိုင်ဆွဲနေတာကြောင့် ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ငြိမ်းချမ်းစေလိုတဲ့တိုင်းရင်းသားခေါင်းဆောင်တချို့က ကြားဝင်ညှိနှိုင်းပေးချင်ပေမဲ့လည်း ရှေ့ဆက်တိုးလို့မရတဲ့ အခြေအနေမျိုးတွေ မြင်ခဲ့ရသလို နှစ်ဖက်ထောက်ခံတဲ့ ပြည်သူတွေကြားမှာကလည်း မထူးဇာတ်ခင်းပြီး False Hope တွေကြားမှာ သေမထူးနေမထူးပုံစံခင်းနေကြတာ စိတ်မကောင်းစရာ မြင်ခဲ့ရပါတယ်။ ဒါ့အပြင်လည်း ရခိုင်ပြည်နယ်မှာ AA က ဘင်ဂါလီတွေကို တစ်လအတွင်း ၃၂ ဦးသတ်ဖြတ်လိုက်တာ၊ ပလက်ဝက ချင်းတွေဆို AA ရဲ့တိုက်ခိုက်မှုကြောင့် အိန္ဒိယအထိထွက်ပြေးတာမြင်ခဲ့ရပါသေးတယ်။ 

ပိုပြီး စိတ်မကောင်းစရာတစ်ခုကတော့ ဒီနေ့မှာ ထပ်ဖြစ်ခဲ့ပြီး မြင်းခြံမြို့နယ် ဆုံရွာအနီးက ပြည်သူ့စစ်စခန်းကို မြင်းခြံခရိုင်တပ်ရင်း (၄) နဲ့ အပေါင်းအပါတွေ လာရောက်တိုက်ခိုက်ချိန်မှာ ဆုံရွာက အိမ်ခြေ ၅၀ လောက် မီးလောင်ပျက်စီးသွားတဲ့အပြင် ဆုံရွာက အပြစ်မဲ့ပြည်သူ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ရသလို အရပ်သားပြည်သူ ၁၄ ဦးပါ ဗုံးစထိမှန် ဒဏ်ရာရကုန်တာပါ။ ဒီဖြစ်ရပ်မှာ PDF တွေရဲ့ လက်သုံးစကားကတော့ ပျုစောထီးရွာမို့လို့ တိုက်ခိုက်တာဆိုပေမဲ့ သေနေတဲ့ပုံတွေမှာ အားလုံးဟာ သာမန်ရိုးအတဲ့ တောသူတောင်သားတွေဆိုတာ မြင်သာပါတယ်။ ဒါပေမဲ့လည်း NUG နဲ့ PDF တွေကို ငွေကြေးထောက်ပံ့နေတဲ့ အမေရိကန်အပါအဝင် အနောက်အုပ်စုနဲ့ မီဒီယာတွေဟာ တရားဝင်တပ်မတော်အဖြစ်ရှိနေတဲ့ တပ်မတော်ကြောင့် ထိခိုက်သေဆုံးမှုတွေကိုသာ စစ်ရာဇဝတ်မှုလို့ပြောပြီး PDF တွေ တိုင်းရင်းသားလက်နက်ကိုင်တွေက သတ်ရင်တော့ မသိကျိုးကျွံပြုထားတာက နွေဦးတော်လှန်ရေးအစ ယင်းမာပင်နယ်ဘက်မှာ ဘုန်းကြီးဝတ်နဲ့ ဗိုလ်သံမဏိအဖွဲ့က LPDF တွေ အပါအဝင် သာမန်အပြစ်မဲ့ ပြည်သူ ၂၀ ကျော်ကို သတ်ဖြတ်တဲ့အချိန်ကနေ ဒီနေ့ဖြစ်တဲ့ ဆုံရွာအဆုံး လျစ်လျူရှုခဲ့ပြီး စစ်တပ်လုပ်မှ ရာဇဝတ်မှု၊ NUG နဲ့ PDF တွေ EAOs တွေလုပ်ရင် မသိကျိုးကျွံပေယျာလကံပဲ ထားတယ်ဆိုတာ တွေ့မြင်ရတဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတာကို ခွင့်ပြုဖို့မရှိသေးဘူးလို့ တုံ့ပြန်တဲ့အကြောင်း၊ GBF က ကျားဖြန့်တွေကို ၆ လအတွင်း ထွက်သွားဖို့ နှင်ထုတ်တဲ့အကြောင်းနဲ့ PDF တွေရဲ့ သတ်ဖြတ်မှုတွေကို လက်တုံ့ပြန်ဖို့ ထပ်မံပေါ်ပေါက်လာတဲ့ အနက်ရောင်သေမင်းတမန်အဖွဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။ 

◾ ပေးတွေ့စရာမရှိသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟွန်ဆန်

NLD အစိုးရအဖွဲ့ဟောင်းရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူမအာဏာရချိန်မှာ နိုင်ငံရေးအကျဥ်းသားဆိုတာကို လက်မခံသလို တည်ဆဲဥပဒေချိုးဖောက်ရင် အပြစ်ခံရမှာပဲဆိုတဲ့ အုပ်ချုပ်သူအသုံးချဥပဒေတွေ အထူးနှစ်လိုသူပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေကိုဘယ်လောက်အထိ အသုံးချတတ်သလဲဆိုရင် သူမကို ခင်ဗျားလို့ပြောတဲ့ ပါတီဥက္ကဋ္ဌကိုမိုက်ကယ်ကျော်မြင့်ကိုတောင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ခဲ့ဖူးတာပါ။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်က အဂတိလိုက်စားမှူတွေ တည်ဆဲဥပဒေချိုးဖောက်မှုတွေနဲ့ ထောင်ဒဏ်နှစ်ရှည်ကျခံနေရပေမဲ့ အရင်တုန်းကလိုပဲ တခြားအကျဥ်းသားတွေမရတဲ့ အထူးခံစားခွင့်တွေ ရနေတုန်းပါ။ ဒါကြောင့်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ ဒွန်ပရာမတ်ဝီနိုင်းနဲ့တွေ့ခွင့်ရခဲ့သလို အခုလည်း သားကိုရာထူးလွှဲပေးထားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပေးဖို့တောင်းဆိုလာတာပါ။

ဒါပေမဲ့ SAC အစိုးရပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “ကျွန်တော်တို့ရဲ့ ရပ်တည်မှုကတော့ ‌ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရှိတယ်။ ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားမယ်။ ဒီဟာနဲ့ ပတ်သက်ပြီး နှောင့်နှေးစေနိုင်မယ့် အဖြစ်အပျက်မျိုး၊ နှောင့်နှေးစေနိုင်မယ့်ဟာမျိုးတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှောင်ရှားသွားမှာဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ကတော့ နှောင့်နှေးစေနိုင်တယ် မလိုအပ်ဘူးလို ယူဆတယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့က လတ်တလောမှာ ဆောင်ရွက်ပေးနိုင်စရာအကြောင်းတော့ မရှိသေးပါဘူး” လို့ ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒွန်ပရာမတ်ဝီနိုင်းတို့ တွေ့ဆုံချိန်မှာ ကမ္ဘာကိုလှုပ်ခတ်စေခဲ့တဲ့ စကားအဖြစ် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေလုပ်နေတဲ့ NUG နဲ့ PDF တွေကို လက်မခံဘူးလို့ ပြောခဲ့လို့ NUG နဲ့ PDF တွေ စိတ်ဆိုးခဲ့ကြသလို အကျိုးဆက်အဖြစ် NUG နဲ့ PDF တွေကို လှူဒါန်းမှုလျော့ကျသွားတာ၊ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုတာတွေမြင်ခဲ့ရတဲ့အပြင် ငါတို့နိုင်မှာလို့ တစ်ချိန်လုံးလိမ်ပြောနေတဲ့ CRPH နဲ့ NUG ခေါင်းဆောင်တွေကလည်း ပြည်သူလှူတဲ့ငွေကနေ အမေရိကန်နဲ့ကမ္ဘာ့နိုင်ငံတွေမှာ အခြေချဖို့အိမ်တွေဝယ်ကုန်ကြတာ မျက်မြင်ပါပဲ။ လက်ရှိမှာလည်း ကမ္ဘာ့နိုင်ငံတွေနဲ့ စစ်ရေးအကဲဖြတ်သူတွေက တိုက်ပွဲတွေနဲ့ဇာတ်မြောကို အဆုံးသတ်ဖို့ တွေ့ဆုံဆွေးနွေးရေးချည်းပြောလာ၊ SAC နဲ့ ပြန်ထိတွေ့လာချိန်မှာ တရုတ်အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့မယ်ဆိုတာတွေ၊ ဟွန်ဆန်ကတွေ့ခွင့်တောင်းတာတွေကြောင့် တွေ့ခွင့်သာပြုရင် ထူးခြားမှုရှိမှာ မှန်းဆကြပေမဲ့လည်း တကယ့်လက်တွေ့က မတွေ့ကြဘူး။ တွေ့ခွင့်မပေးဘူးဆိုတာမျိုးဖြစ်နေတော့ ခဲလေသမျှ သဲရေကျကုန်တယ်ပဲပြောရမှာပါ။

◾ ကျားဖြန့်နှင် BGF

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြိုနယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်နေတဲ့ နိုင်ငံခြားသားအားလုံး အောက်တိုဘာလ နောက်ဆုံးထားထွက်ခွာဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) က မေလ ၁ ရက်မှာ ထုတ်ပြန်လိုက်ပြီး ဒီထုတ်ပြန်ချက်က ရွှေကုက္ကိုလ်မြို့သစ် အပါအဝင် မြဝတီမြို့နယ်အတွင်း ဒေသတချို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေ ကြီးထွားလာနေတာကြောင့် ထိရောက်တဲ့ ဟန့်တားမှုဖြစ်စေဖို့နဲ့ လုပ်ငန်းတစ်ခုလုံးကို ဖယ်ရှားရှင်းလင်းဖို့ ထွက်ခိုင်းတာလို့ သိရပါတယ်။ အရင်ကလည်း BGF အနေနဲ့ ကျားဖြန့်တွေ မြဝတီက ထွက်ခွာဖို့အကြိမ်ကြိမ် ပြောဆိုခဲ့ပေမဲ့ မထွက်ခွာကြလို့ အခု သတ်မှတ်ပေးထားတဲ့ ကာလအတွင်း မထွက်ခွာသူတွေကို ဖမ်းဆီးကာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ သံရုံးတွေကနေတစ်ဆင့် ပြန်လည်ပို့ဆောင်အပ်နှံသွားမယ်လို့ သိရပါတယ်။

“သူတို့အနေနဲ့ မဖြစ်မနေ ပြန်ကြရမှာပါ။ အချိန် လေး ငါး ခြောက်လ ပေးထားတယ်ဆိုတာက အလုပ်ဆက်လုပ်ဖို့ အချိန်ပေးထားတာမဟုတ်ဘူး။ တချို့ဆိုရင် ပြန်ရမယ့်ခရီးဝေးတာတွေလည်းရှိတယ်။ ဒါကြောင့် ပြန်ပြီး ပြင်ဆင်စရာတွေ စီစဉ်စရာတွေအတွက် အချိန်ပေးထားတာပါ။ ကုမ္ပဏီကို ဖျက်ပေးရမှာဆိုတော့ သူ့အောက်မှာ အလုပ် လုပ်နေတဲ့အထဲ ပါဝင်တဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ အကုန်လုံး ထွက်သွားပေးရမှာပါ။ ဒီမှာတော့ နိုင်ငံအစုံပဲ။ တရုတ်ကတော့အများဆုံးပေါ့”လို့ ကရင်ပြည်နယ်၊ နယ်ခြားစောင့် တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က MT News ကို မေလ ၈ ရက်က ပြောထားပါတယ်။ 

တကယ်တော့ မြန်မာပြည်ရောက်လာတဲ့ကျားဖြန့်ဟာ ကိုဗစ်ကာလမှာ ခရီးသွားတွေမဝင်တော့ချိန် ဇိမ်ခန်းတွေ၊ Hi ခန်းတွေ၊ ကာစီနိုတွေ လူမဝင်တော့ရာက ကမ္ဘောဒီးယားဘက်ကနေကူးလာတဲ့ အွန်လိုင်းလိမ်လည်သူတွေရဲ့ ခွင်ထဲရောက်သွားပြီး တစ်ကမ္ဘာလုံးကလူတွေကို ကျွန်ပြုလိမ်လည်ခိုင်းရာက နာမည်ပျက်ထွက်လာတာပါ။ ဒါကြောင့်လည်း တရုတ်ကလည်း သူ့လူမျိုးတွေကျွန်ပြုခံရတယ်၊ အမေရိကန်ကလည်းသူ့နိုင်ငံသားတွေငွေဘီလျံနဲ့ချီလိမ်လည်ခံရတယ်ဆိုတာကနေ ရှမ်းမြောက်က မွမွကြေခဲ့ပြီး အချုပ်အခြာအတွက်ပါမေးခွန်းထုတ်စရာဖြစ်လာတာပါ။ မြဝတီဟာလည်း ရှမ်းမြောက်လိုဖြစ်ရမဲ့အခြေအနေကနေ လက်မတင်လေးလွတ်ခဲ့တာဖြစ်ပေမဲ့ အမေရိကန် USIP ကတော့ KNU ထက် BGF ကို ဦးတည်စွပ်စွဲထားလို့ BGF အဖို့လည်း ကျားဖြန့်ကို မဖြစ်မနေရှင်းရမှာဖြစ်ပြီး တကယ်လို့မရှင်းရင်တော့ KNU နဲ့ PDF ကလည်း မြဝတီမကျေပွဲ အမေရိကန်လိုအနောက်အုပ်စုအထောက်အပံ့နဲ့ ဆက်နွှဲဖို့လုပ်လာဦးမှာ အသေအချာပါ။

◾ လက်တုံ့ပြန် အနက်ရောင်သေမင်းတမန်

ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ကို ပေါင်းတည် PDF တွေက သတ်ဖြတ်လိုက်တာကြောင့် မင်းလှ PDF အဖွဲ့ဝင် သုံးဦးကို အနက်ရောင်သေမင်းတမန်အဖွဲ့က လက်တုံ့ပြန် သတ်ဖြတ်လိုက်မှုဖြစ်စဥ် ပေါ်ပေါက်လာပါတယ်။ ဒီဖြစ်စဥ်က ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ လူငယ်တွေကို စစ်သားအဖြစ် စုဆောင်းနေတယ် စွပ်စွဲပြီး နွားခြံကုန်းကျေးရွာအုပ်စုက လက်နက်မဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ကို မေလ ၅ ရက် နေ့လယ် ၁ နာရီမှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ ၅ (တောဘုရင်)အဖွဲက နေအိမ်အထိ သွားရောက်ပစ်ခတ် သတ်ဖြတ်မှု ကျုးလွန်ခဲ့တာဖြစ်ပါတယ်။ တပ်ရင်း(၃၆၀၁)၊ တပ်ခွဲ(၅)(တောဘုရင်) အဖွဲ့လို့ အမည်ခံထားတဲ့ အကြမ်းဖက်တပ်ဖွဲ့ဟာ လက်နက်အားကိုးပြီး မတရားသဖြင့် အနိုင်ကျင့် သတ်ဖြတ်မှု ကျူးလွန်လာတာကြောင့် မင်းလှ PDF အဖွဲ့က အောင်မျိုးလင်း၊ ကျော်ဖြိုးလင်း၊ ကောင်းထက်ကျော်(ခ)ကောင်းကောင်းတို့ အကြမ်းဖက်လူသတ်သမား(၃)ဦးကို အနက်ရောင်သေမင်းတမာန်အဖွဲ့က ထိရောက်စွာ တန်ပြန်အပြစ်ပေးချေမှုန်းခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာလည်း တွေ့ရပါတယ်။ ဒါ့အပြင် အကြမ်းဖက်အနိုင်ကျင့် သတ်ဖြတ်မှုတွေကို PDF တွေက ဆက်လက်ကျူးလွန်မယ်ဆို ကျူးလွန်မှုမှာ ပါဝင်ပတ်သက်သူတွေနဲ့ မိသားစုဝင်တွေအပြင် အကြမ်းဖက်မှုကို အားပေးထောက်ခံသူတွေကို ဆက်လက်ရှာဖွေဖော်ထုတ် ချေမှုန်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီနေရာမှာ ဆင်ခြင်စရာတစ်ခုရှိပါတယ်။ နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ ၂၀၂၄ ခုနှစ် ဧပြီလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ဆရာဆရာမ အပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်နဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၈၀၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သတ်ဖြတ်မှု ခံထားရတာပါ။ ဒီလိုမျိုး သတ်ဖြတ်ခံထားရတဲ့ ပြည်သူတွေအတွက် သွေးသောက်ဆိုတဲ့အဖွဲ့လည်း အရင်ကပေါ်ပေါက်ထားရာက အခု အနက်ရောင်သေမင်းတမန်အဖွဲ့က ထပ်ပေါ်လာတာပါ။ ဒီလိုမျိုး အဖွဲ့တွေဟာ PDF နဲ့ EAOs တွေရဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေကြောင့် ထွက်ပေါ်လာခဲ့တာဖြစ်သလို လက်ရှိမှာ ထွက်ပေါ်လာနေတဲ့ ပြည်သူ့စစ်တွေ၊ ကိုယ့်ဆန္ဒနဲ့ကိုယ် စစ်မှုထမ်းသူတွေဟာလည်း မိသားစုဝင်တွေကို PDF က သတ်ဖြတ်လုယက်ခံထားရလို့ လက်တုံ့ပြန်ချင်လို့ စစ်မှုထမ်းသူတွေအများစု ပါနေတာပါ။ 

PDF တွေ နွေဦးတော်လှန်ရေးအစ ဆန္ဒပြစတုန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခဲတွေ တုတ်ဓားလက်နက်တွေနဲ့ မျက်နှာချင်းဆိုင်ပစ်ခတ်တိုက်ခိုက်လို့ သေနတ်နဲ့ ပြန် ပစ်ခတ်ခံရတာကို မတရားဘူးဆိုပြီး လက်နက်ကိုင်ခဲ့သူတွေဟာ ကိုယ်ကလက်နက်ရချိန်မှာ လက်နက်မဲ့ဆရာ၊ ဆရာမတွေ၊ ရပ်ကျေးတွေ၊ နိုင်ငံ့ဝန်ထမ်းတွေကို နောက်ကနေချောင်းပစ်၊ သတ်ဖြတ်ပြီး ပစ္စည်းတွေပိုင်ဆိုင်မှုတွေကို တော်လှန်ရေးသုံးမယ်ဆိုပြီး လုယက်နေကြတာတွေကပဲ ဒီလိုမျိုးလက်တုံ့ပြန်အဖွဲ့အစည်းတွေ ပေါ်လာစေခဲ့တာပါ။ 

ကိုယ်ဆန္ဒပြချိန်တုန်းက မျက်နှာချင်းဆိုင်အပစ်ခံရတာကို မတရားဘူးဆိုပြီးလက်နက်ကိုင်သူတွေက ကိုယ်လက်နက်ရချိန်မှာ ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လုယက်တာတွေက အဓမ္မပဲဆိုတာ သဘောမပေါက်သရွေ့တော့ လက်တုံ့ပြန်အဖွဲ့အစည်းတွေ ဆက်ပေါ်နေဦးမှာဖြစ်ပြီး ဒီနိုင်ငံကြီးငြိမ်းချမ်းဖို့ကလည်း ကြာလေဝေးလေဖြစ်နေမှာကို သတိချပ်ပါလို့အကြံပြုရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *