၉. ၅ .၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်မြို့နယ် ရန်ကုန်အင်းစိန်လမ်းမကြီးပေါ် စံရိပ်ငြိမ်ကားမှတ်တိုင်မှာ အိမ်ခြေမဲ့ အသက် ၆၀ အရွယ်ခန့်အမျိုးသားကြီးတစ်ဦး သေဆုံးနေတဲ့ ဖြစ်စဥ် ဒီနေ့ မေလ ၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်အချိန်ခန့်မှာဖြစ်ပွားခဲ့တယ်လို့ တစ်ကိုယ်တော်ပရဟိသမား မြွေမင်းသားကိုတိုးအောင်ထံက သိရပါတယ်။

သေဆုံးနေချိန်မှာ သုံး၊ လေးနာရီခန့် ရှိနေပြီဖြစ်ကြောင်း ရုပ်အလောင်းကို ကြည့်ကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခန့်မှန်းပြီး ရုပ်အလောင်းအနီးမှာ ကျောက်ဆင်းတုတော်လေးတစ်ဆူနဲ့ လက်တွေမှာ အရည်ကြည်ဖု အကြီးကြီးတွေ ထနေပြီး ညာခြေမမှာလည်း ကြွက်ကိုက်ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။

ရုပ်အလောင်းသွားရောက်သယ်ဆောင်ရာမှာ ကြုံတွေ့ရပုံကိုလည်း ကိုတိုးအောင်က “စွန့်ပစ်ထားတယ်လို့ ယူဆရပါတယ်။ ကျန်းမာရေးမကောင်းလို့ စွန့်ပစ်တာလား ဘယ်သူ ဘယ်ဝါလဲမသိရပေမယ့် လူသားတစ်ဦးမို့ ဝဋ်ကြွေး ကြေပါစေပဲဆုတောင်းပေးပါတယ်။ အခုလို စွန့်ပစ်တာတွေ လမ်းဘေးသေဆုံးတာတွေ သိသိသာသာများလာနေပြီလေ” လို့ MT News ကို ပြောပါတယ်။

ရုပ်အလောင်းကို ကမာရွတ်မြို့နယ်အခြေစိုက် လောကဟိတသင်္ဂဟ ပရဟိတအသင်းကားနဲ့ ရန်ကုန်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မနေ့က မေလ ၈ ရက်နေ့ ည ၁၀ နာရီခန့်ကလည်း ပန်းဆိုးတန်းကုန်းတံတားအောက်မှာ အသက် ၇၀ အရွယ် လေဖြတ်နေတဲ့ အဘိုးအိုတစ်ဦးကို စွန့်ပစ်ခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး လင်းလက်လူမှုကူညီရေးအသင်းက သွားရောက်ကူညီရာမှာ ရပ်ကွက်က အဘိုးအိုကို လက်မခံသလို ရိပ်သာကလည်း တာဝန်ရှိသူတွေ ပြန်သွားပြီမို့ လက်ခံမယ့်သူ မရှိတာကြောင့် အသင်းရုံးမှာ ခေတ္တနားနေစေကာ ဒီကနေ့နေ့လယ်မှ သန်လျင်သဘာဝတရားရိပ်သာဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News