ရာဖာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပါက အမေရိကန်က အစ္စရေးကို ဗုံးနဲ့အမြောက်ဆံများပေးပို့မှု ရပ်တန့်မည်ဟုပါ ပြော

၉.၅.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒန်က တကယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု အနေနဲ့ ဂါဇာဒေသရဲ့တောင်ဘက်စွန်း ရာဖာမြို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ အမိန့်ပေးခဲ့မယ်ဆိုရင် သူ့အနေနဲ့ အစ္စရေးနိုင်ငံသို့ အမေရိကန်စစ်လက်နက်တွေ အထောက်အပံ့ပေးနေမှုကို ရပ်ဆိုင်းတော့မယ်လို့ မေလ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

ခုနှစ်လကျော်ကြာလာပြီဖြစ်တဲ့ အစ္စရေး-ဟားမားစ်စစ်ပွဲအတွင်း အစ္စရေးကို စစ်ရေးအထောက်အပံ့ ရပ်ဆိုင်းရလိမ့်မယ်လို့ ဂျိုးဘိုင်ဒန်ရဲ့ သတိပေးချက်က ပထမဆုံးအကြိမ်လည်းဖြစ်ကာ ဂျိုးဘိုင်ဒန်က ဒီလက်နက်တွေကို ဂါဇာမှာ အရပ်သားတွေ သတ်ဖြတ်ဖို့ အစ္စရေးက အသုံးပြုခဲ့တယ်လို့လည်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

အမေရိကန်က ပေါင် ၂,၀၀၀ ဗုံးတွေ အစ္စရေးသို့ ပေးပို့မှုကို လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း ဂျိုးဘိုင်ဒန်က ရပ်တန့်ခဲ့တယ်လို့လည်း သိရပါတယ်။ ဂျိုးဘိုင်ဒန်က ရာဖာမြို့ပျက်စီးဖို့အတွက် အမေရိကန်လက်နက်တွေနဲ့ အပေးအယူပြုလုပ်မှာမဟုတ်ပါဘူးလို့လည်း ဆိုခဲ့ပါတယ်။

အခုလို အမေရိကန်လက်နက်တွေ အစ္စရေးကိုထောက်ပံ့မှု ရပ်ဆိုင်းရလိမ့်မယ်လို့ ဂျိုးဘိုင်ဒန်ရဲ့ သတိပေးချက်က ဂါဇာစစ်ပွဲမှာ အပြောင်းအလဲအခြေအနေတစ်ရပ်လို့ သဘောသက်ရောက်နေသလို အမေရိကန် ထောက်ပံ့တဲ့ဗုံးတွေနဲ့ အရပ်သားတွေကိုသတ်ဖြတ်ဖို့ အစ္စရေးက အသုံးပြုခဲ့တယ်လို့ ဝန်ခံချက်ကလည်း စစ်ပွဲမှာ အမေရိကန်ပါဝင်ပတ်သက်မှုကဏ္ဍကို အသိအမှတ်ပြုဖော်ပြနေသလိုပါပဲ။

အစ္စရေးအစိုးရအရာရှိတွေကတော့ အမေရိကန်အစိုးရရဲ့ အခုလို အစ္စရေးသို့ လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းမယ်ဆိုတာကို အလွန့်အလွန် မချင့်မရဲဖြစ်မိတယ်လို့ ဆိုခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်က အစ္စရေးရဲ့ ရာဖာမြို့မှာ ဆောင်ရွက်ခဲ့မှုတွေက အလွန်လူနေထူထပ်တဲ့ဇုံတွေကို ဖြတ်ကျော်တိုက်ခိုက်ခြင်းမျိုးမရှိခဲ့ပေမယ့် ဒေသအတွင်း တင်းမာမှုတွေ ဖြစ်စေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *