၅. ၅. ၂၀၂၄
Written by Thiri

အဆိုတော် မေသူရဲ့ “ဘီယာဗိုက်” သီချင်းမှာ ဆင်ဆာမူဝါဒတွေကို မလိုက်နာဘဲ ရိုက်ကူးထုတ်လွှင့်ပြသခဲ့တာကြောင့် ထုတ်လွှင့်ပြသသူတွေကို အရေးယူဆောင်ရွက်ရာမှာ ဟာသ သရုပ်ဆောင် အိုကေတစ်ဦးသာ ဥပဒေနဲ့အညီ ဖြေရှင်း ဆောင်ရွက်နေပြီး ကျန်သူတွေက တိမ်းရှောင်နေတယ်လို့ မြန်မာနိုင်ငံဟာသလူရွှင်တော်များအစည်းအရုံးမှ တွဲဖက်ပြန်ကြားရေးမှူးက ဆိုပါတယ်။

သရုပ်ဆောင် အိုကေ ထိန်းသိမ်းခံရတာ ဧပြီလ ၈ ရက်နေ့ကတည်းကဖြစ်ပြီး အခုအချိန်ထိ အာမခံကိစ္စ ဆောင်ရွက်ရာမှာလည်း အဆင်မပြေမှုတွေရှိနေတာလို့ သိရပါတယ်။

တွဲဖက်ပြန်ကြားရေးမှူးက “ကျွန်တော်တို့ အစည်းအရုံးကတော့ အဲ့ဒီ့ကိစ္စတွေ ဖြစ်ဖြစ်ချင်း ဥက္ကဋ္ဌ ကိုဒိန်းဒေါင်ကလည်း မှားတာ မှားသွားပြီ။ ကြီးတဲ့အမှု သေးငယ်အောင် ခံဝန်လေး လုပ်ပေးလိုက်ပါဆိုတော့ ကျွန်တော်တို့ အစည်းအရုံးက ခံဝန်လုပ်ပေးလိုက်တယ်။ ဟိုဘက်ကများ ဝရမ်းထုတ်ပြီး ဖမ်းခဲ့သည်ရှိသော် ဒါလေးပြပြီးသက်ညှာအောင်ပေါ့နော်။ ဒါပေမယ့် ခံဝန်ကတော့ ခံဝန်လောက်ပဲ သွားမှာလေ။ ကိုအိုကေလည်း လက်မှတ်လာထိုးသွားတယ်။ တရားဝင်လည်း သူ့ရဲ့ လူမှုကွန်ရက်ကနေ ပရိသတ်ကိုတောင်းပန်ထားပါတယ်”လို့ MT Entertainment က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

သရုပ်ဆောင် အိုကေ ထိန်းသိမ်းခံတာ တစ်လ နီးပါးရှိနေပြီး အဆိုပါ တေးသီချင်း သရုပ်ဖော်ရိုက်ကူးမှုကို အဓိက ထုတ်လုပ်သူနဲ့ ဖန်တီးသူ နှစ်ဦးဖြစ်တဲ့ ဒါရိုက်တာရွှေလက်အောင်မင်းနဲ့ တေးသံရှင်နဲ့ ထုတ်လုပ်သူ အဆိုတော် မေသူတို့ နှစ်ဦးက ရှောင်တိမ်းနေဆဲလို့ သိရပါတယ်။

“သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို အရင်က ပြစ်ချက်လည်းမရှိတော့ သက်ညှာစေချင်တာပါ။ နောက်ပြီး သရုပ်ဆောင်ဆိုတာ အနုပညာနဲ့ ကင်းကွာလို့လည်းမရသလို ကျွန်တော်တို့လိုအလွှာတွေက ပိုဆိုးပါတယ်” လို့ အစည်းအရုံးတွဲဖက်ပြန်ကြားရေးမှူးက ဆိုပါတယ်။

ဘီယာဗိုက် တေးသီချင်းသရုပ်ဖော်မှာ ပါဝင်သူတွေကို ရန်ကုန်၊ ဗဟန်းမြို့မရဲစခန်းမှာ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဉပဒေပုဒ်မ ၃၃ (က)နဲ့ အမှုဖွင့်ထားတာပါ။ အခုနှစ်အတွင်း ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချလျက်ရှိတဲ့ ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မဟုတ် ပညာပေးကားတွေနဲ့ပတ်သက်လို့ အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြောဆိုမှုတွေ၊ ရိုက်ကူးထုတ်လွှင့်မှုတွေ မပြုကြပါဖို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

အလားတူ ကာမရာဂလှုံ့ဆော်မှုအပါအဝင် ဆင်ဆာမူဝါဒတွေကို လိုက်နာခြင်းမရှိဘဲ တေးသီချင်းဗီဒီယို ရိုက်ပါက ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေကို အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *