၁. ၅. ၂၀၂၄
Written by Nyein Kyaw

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီတော်နှင့်အရံစေတီ( ၂၄)ဆူအား ရွှေသင်္ကန်းကပ်လှူခြင်း အောင်မြင်စွာပြီးစီးခဲ့၍ ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲအထိမ်းအမှတ် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချအနုမောဒနာမင်္ဂလာခမ်းအနားကို ဧပြီ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီနှင့် အရံစေတီ ၂၄ ဆူအား ရွှေသင်္ကန်းတော် ကပ်လှူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလတွင် ပြီးစီးခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် သာသနာရေးနှင့် ယဉ်‌ကျေးမှူဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးများနှင့်ဂေါပကအဖွဲ့ဝင်များက သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

နောင်တော်ကြီးစေတီတော်နှင့်အရံစေတီ(၂၄)ဆူအား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းအခမ်းအနားကို နောင်တော်ကြီးစေတီအထက်ပစ္စယံ၌ ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တကဉ္စနအမှူးပြုသည့် ဆရာတော်၊ သံဃာတော်(၁၀၈)ပါးက ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ခဲ့ကြပြီး ရေစက်ချအနုမောဒနာ မင်္ဂလာအခမ်းအနားကို ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *