၁. ၅. ၂၀၂၄
Written by Nyein Kyaw

အလုပ်ရှင်နှင့် အလုပ်သမားအကြားဖြစ်ပွားသော အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ကျရောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အလုပ်ရှင်နှင့် အလုပ်သမားအကြားဖြစ်ပွားသော အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက် အခဲများကို ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နည်းလမ်းကောင်းနှင့် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်စေရန် မျှော်မှန်း၍ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပပေးလျက်ရှိရာ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်တွင်းထုတ်ကုန် တိုးမြှင့်ရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရာတွင် အလုပ်ရှင်နှင့် အလုပ် သမားတို့အကြား အပြန်အလှန်အသိအမှတ်ပြုမှုနှင့် သဟဇာတဖြစ်မှုတို့ လိုအပ်ကြောင်း၊ ယင်းကဲ့သို့ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ၂၀၁၁ ခုနှစ်၊ အလုပ်သမား အဖွဲ့အစည်းဥပဒေနှင့်အညီ အလုပ်သမားအဖွဲ့အစည်း ၃၀၁၇ ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်း ၂၈ ဖွဲ့တို့ကို အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယင်းအဖွဲ့အစည်းများကို ကိုယ်စားပြုသည့် အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပြီး အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ကြောင်း၊ လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာနှင့် ပတ်သက်သည့် အငြင်းပွားမှုများအား လုပ်ငန်းခွင်အတွင်း၌ ကနဦးဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေနှင့်အညီ အဆင့်ဆင့်ဆွေးနွေး ညှိနှိုင်းမှုတို့ကြောင့် ရေရှည်တွင် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေခြင်းသာမက ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လုပ်သားအင်အားကို အခြေပြုသည့် အထည်ချုပ်လုပ်ငန်းကဏ္ဍများ အောင်မြင်စေရန်၊ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် သဘာဝကပေးထားသည့် အခွင့်အလမ်းကောင်း များစွာရှိပြီးဖြစ်သည့်အတွက် ယင်းအခွင့်အလမ်းကောင်းများကို ထိရောက်အကျိုးရှိစွာ အသုံးချ၍ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ပြည်ပမှကုန် ပစ္စည်းများ ဝယ်ယူတင်သွင်းသည့် နိုင်ငံအဖြစ်မှ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမားအင်အားစု၏ စွမ်းဆောင်မှုသည်အဓိကဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုး စီးပွားအတွက် အလုပ်သမားကြီးများက ကိုယ်အား၊ ဉာဏ်အားရှိသရွေ့ အစွမ်းကုန်အားထုတ် ကြိုးပမ်းဆောင်ရွက်သည်ကို အားရဖွယ်ရာတွေ့ရှိရ‌ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News