MT News
၁.၅. ၂၀၂၄

ရန်ကုန်စတော့အိတ်ချိန်းဟာ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) က တင်ပြလာတဲ့ လျှောက်လွှာတွေကို စိစစ်ခဲ့ပြီးနောက်မှာ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရဲ့ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃) ၊ အပိုဒ် (၆) နဲ့အညီ ကော်မရှင်အတည်ပြုချက်အရ စာရင်းဝင်အကြိုစျေးကွက် (Pre-registration Board – PLB) မှာ မှတ်ပုံတင်ဖို့ ခွင့်ပြုလိုက်ပါတယ်။
 
PLB ဟာ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီများလာဖို့ MSME တွေကို လက်ရှိစံသတ်မှတ်ချက်အချို့လျှော့ချပေးပြီး စာရင်းဝင်အကြိုစျေးကွက်ကတစ်ဆင့် စာရင်းဝင်ကုမ္ပဏီဖြစ်လာရေးလုပ်ဆောင်ပေးတာပါ။

လက်ရှိမှာ PLB ခွင့်ပြုချက်ရ MAGDPL ကုမ္ပဏီ စာရင်းဝင်မဲ့နေ့ရက် (Registration Date) ကို ရင်းနှီးမြှုပ်နှံသူတွေအတွက် အချိန်နဲ့တပြေးညီ ထပ်မံကြေညာပေးသွားမှာဖြစ်ပြီး အခြေခံစျေးနှုန်း (Base Price) ကို မှတ်ပုံတင်မဲ့နေ့ရက် (Registration Date) မတိုင်မီ ရုံးဖွင့်ရက်တစ်ရက်အလိုမှာ ထုတ်ပြန် ကြေညာပေးမှာဖြစ်ပါတယ်။

MAGDPL ဟာ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းရဲ့ အလုပ်အမှုဆောင်အများစု ပါဝင်တဲ့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းလုပ်ငန်းရှင်တွေ ဦးဆောင်ပြီး ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့မှာ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အဖြစ် စတင် တည်ထောင်ခဲ့ကာ လက်ရှိအချိန် မတ်လ ၃၁ ရက်နေ့အထိ အစုရှယ်ယာရှင် (၁၀၉) ဦးက အစုရှယ်ယာ တစ်စု (၁၀,၀၀၀)ကျပ်နဲ့ ကျပ် ၁၀ ဘီလျံကျော်တန်ဖိုးရှိတဲ့ အစုရှယ်ယာအရေအတွက် (၁,၀၀၆,၀၃၅ )ကို ထည့်ဝင်ထားပြီး ဖြစ်တဲ့ အများပိုင်ကုမ္ပဏီပါ။ လက်ရှိမှာတော့ MAGDPL ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း (MPBMSMA) ဥက္ကဋ္ဌ ဦးထွန်းလွင် တာဝန်ယူထားတာဖြစ်ပါတယ်။

MAGDPL ဟာ သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (Myanmar Thilawa SEZ Holdings Public Company Limited – MTSH) & Myanmar National Telecom Holdings Public Company Ltd (MNTH) တို့မှာ ကနဦး တည်ထောင်သူ အစုရှယ်ယာရှင် ဒါရိုက်တာတစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်လျက် ရှိနေသလို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်-ကျောက်တန်းနယ်မြေ၊ သီလဝါဆိပ်ကမ်းနယ်မြေ အကွက် အမှတ် (၂၉) ကို BOT စနစ်နဲ့လယ်ယာထွက်ကုန်နှင့် ဆီထွက်ပစ္စည်းများ တင်/ချ၊ ခေတ်မီ ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အဦးများ တည်ဆောက်ပြီး ငှားရမ်းခြင်းလုပ်ငန်းတည်ဆောက်ဖို့အတွက် ခွင့်ပြုချက်ကို မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်က ၂၄-၃-၂၀၁၆ နေ့မှာ ခွင့်ပြုမိန့်အမှတ် – မနသ – ၁၁၅၃/၂၀၁၆ နဲ့ ရရှိခဲ့ပြီး လယ်ယာထွက်ကုန်နှင့် ဆီထွက်သီးနှံကုန်ပစ္စည်းများ တင်/ချ၊ ခေတ်မီဘက်စုံသုံး အပြည်ပြည်ဆိုင် ရာ ဆိပ်ခံတံတား တည်ဆောက်ခြင်းနှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦးများ တည်ဆောက်၍ ငှားရမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရုံးရဲ့ ၂၆-၁-၂၀၁၆ ရက်စွဲပါ စာအမှတ်၊ ၁၀(၁)/၇/သမ္မတရုံး တည်ဆောက်အကောင်အထည်ဖော်ခွင့်ပြုချက်အရ MAGDPL ကို မြန်မာတစ်နိုင်ငံလုံး၏ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံနှင့် ဆက်စပ်ကုန်ပစ္စည်းများအား ပြည်တွင်း/ပြည်ပသို့ အာမခံငွေပါရှိသည့် ကြိုတင်ရောင်းဝယ်မှုကို နိုင်ငံတကာ အဆင့်မီ စည်းမျဉ်း စည်းကမ်းများအတိုင်း စနစ်တကျ ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် Myanmar Commodity Exchange လုပ်ငန်းဆောင်ရွက်ခွင့်ပြုဖို့ အသိအမှတ်ပြု လက်မှတ်ကို ၂၄-၃-၂၀၁၆ ရက်နေ့မှာ ရရှိခဲ့ပြီး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့အတွက် စီစဉ်နေပြီ ဖြစ်တယ်လို့လည်း MAGDPL က ပြောပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ရင်းနှီးမြှုပ်နှံသူဦးရေ ၄၆၁၉၁ ဦး ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင် ကုမ္ပဏီရှစ်ခုရဲ့ ရှယ်ယာစုစုပေါင်း ၄ ဒသမ ၄၉၈ သန်း၊ တန်ဖိုးငွေကျပ် ၁၁ ဒသမ ၇၄၁ ဘီလျံအရောင်းအဝယ် ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ငွေကျပ် ၆၇၇ ဒသမ ၁၀၉ ဘီလျံရှိတယ်လို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က သိရပါတယ်။

ဒါ့အပြင် ရန်ကုန်စတော့အိတ်ချိန်းမှာ Main Board အပြင် စာရင်းဝင်ကုမ္ပဏီတွေ တိုးပွားလာဖို့ ဒုတိယဈေးကွက်ဖြစ်တဲ့ စာရင်းဝင်အကြိုဈေးကွက် Pre Listing Board (PLB) ပါ တည်ထောင်ပြီးဖြစ်လို့ မကြာမီကာလမှာ စာရင်းဝင်အကြိုဈေးကွက်ကို မှတ်ပုံတင်ကုမ္ပဏီတွေ ဝင်ရောက်လာမှာဖြစ်လို့ ကြီးကြပ်ဆောင်ရွက်မှုအပိုင်းကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *