MT News
၂၄. ၄. ၂၀၂၄

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၄ ပညာသင်နှစ်၊ မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)တို့အတွက် ကျောင်းသားသစ်များကို TDS Scouting Program ကျင်းပ၍ ရွေးချယ်ခေါ် ယူသွားမည်ဖြစ်သည်။

ကစားသမားရွေးချယ်မှုများ ပြုလုပ်ရာတွင် လူငယ်ဘောလုံးနည်းစနစ်ဒါရိုက်တာ ဂျပန်နည်းပြ မစ္စတာမိတ ဦးဆောင်၍ ရွေးချယ်ရေးအဖွဲ့များ ဖွဲ့စည်းကာ မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ပဲခူး၊ ပုသိမ်နှင့် ရန်ကုန်မြို့များတွင် ပဏာမအဆင့် ရွေးချယ်မှု၊ အပြီးသတ်ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ရွေးချယ်ခံရသည့် အကယ်ဒမီကျောင်းသားများအနေဖြင့် အတန်းပညာနှင့် ဘောလုံးပညာရပ်များအား အခမဲ့သင်ယူခွင့် ရရှိမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ကစားသမားများအဖြစ်လည်းကောင်း၊ ပရော်ဖက်ရှင်နယ် ကစားသမားများအဖြစ်လည်းကောင်း မိမိအရည်အချင်းနှင့် ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ အသက်မွေးဝမ်းကျောင်းမှုပြုနိုင်မည် ဖြစ်သည်။ အကယ်ဒမီကျောင်းများအနေဖြင့် သင်တန်းသားများအား အနာဂတ်မြန်မာ့လက်ရွေးစင်အသင်းအတွက် အား ထားရသော ကစားသမားကောင်းများ ဖြစ်ပေါ်လာစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးသွားမည်ဖြစ်ပြီး ကျောင်းသားများသည် အကယ်ဒမီကျောင်းများ၏ ချမှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာကာ အတန်းပညာနှင့် ဘောလုံးပညာများအား ဆည်းပူးသင်ယူရမည် ဖြစ်သည်။

၂၀၂၄ ပညာသင်နှစ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ အကယ်ဒမီများသို့ တက်ရောက်လိုသည့် ကျောင်းသားသစ်များအနေဖြင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မွေးဖွားသူ (ကျား)ဖြစ်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ ကျောင်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ ပေးပို့တင်ပြရန်၊ လျှောက်လွှာများအား ၂၀၂၄ ခုနှစ် ဧပြီလ ၂၃ ရက်မှ စတင်ကာ ကိုယ်တိုင်လာရောက်ထုတ်ယူပြီး မေလ ၃ ရက် နောက်ဆုံးထားပြီး လျှောက်လွှာတင်သွင်းရန် လိုအပ်မည်ဖြစ်သည်။

ထို့နောက် မေလ ၄ ရက်၊ ၅ရက်များတွင် အထက်မြန်မာပြည် (မြစ်ကြီးနားမြို့၊ တောင်ကြီးမြို့၊ မန္တလေးမြို့)၊ အောက်မြန်မာပြည် (ရန်ကုန်မြို့၊ ပဲခူးမြို့၊ ပုသိမ်မြို့) များတွင် ပဏာမရွေးချယ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကာ အပြီးသတ်ရွေးချယ်မှုကို အထက်မြန်မာပြည်အတွက် မေ ၁၁ ရက်၊ ၁၂ ရက်နှင့် မြန်မာဘောလုံး အကယ်ဒမီ(မန္တလေး)နှင့် အောက်မြန်မာပြည်အတွက် မေ ၁၅၊ ၁၆ ရက်များတွင် အမျိုးသား‌ ဘောလုံးအကယ်ဒမီ(ရန်ကုန်)တွင်ပြုလုပ်သွားမည်ဖြစ်ပြီး အသေးစိတ်သိလိုသည်များကို ဦးနေသူလွင် (ဖုန်း – 09769900600) ထံဆက်သွယ်ကာ အောက်ပါလင့်ခ်တွင် Form အား Download ရယူနိုင်မည်ဟု သိရသည်။

https://www.mediafire.com/file/n200ujpgei63unk/Academy+Form.pdf/file

Leave a Reply

Your email address will not be published. Required fields are marked *