၂၄. ၄. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်ရှိ ဖုန်းဆိုင်အား သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ ဖုန်းလုယက်သူ ၄ ဦးလုံးအား ဖြစ်စဉ်ဖြစ်သည့်နေ့၌ပင် ဖမ်းမိခဲ့ပြီး အဆိုပါအမှုအား တပ်မတော်လုံခြုံရေးတပ်ဖွဲ့က စံနမူနာအနေဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ သုမင်္ဂလာလမ်းထောင့်တွင် ဖွင့်လှစ်ထားသည့် Mobile House ဖုန်းဆိုင်အား ဧပြီ ၂၃ ရက် (ယမန်နေ့) နေ့လယ် ၁ နာရီခန့်တွင် သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ ဖုန်းများယုယက်ရန်ကြိုးစားစဉ် ဆိုင်ရှင်ကိုယ်တိုင် ပြန်လည်ခုခံ၍ ထွက်ပြေးကြသဖြင့် လိုက်ဖမ်းရာ ဖြစ်စဉ်ဖြစ်ပွားရာနှင့် လေးမှတ်တိုင်အကွာတွင် ယုယက်သူတစ်ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“လက်ရှိအခြေအနေက ဒီအမှုက ရဲက မကိုင်ဘူး။ တပ်မတော်လုံခြုံရေးကနေ လက်နက်ပါတာဖြစ်တာရယ်။ ဒီလိုကာလမှာ ဒီလိုမှုခင်းတွေ ဖြစ်တာများတာဖြစ်တဲ့အတွက် ရဲဘက်က မကိုင်ဘဲ စစ်တပ်ကကိုင်တာ။ ဒါကို စံနမူနာအနေနဲ့ ကိုင်တွယ်တာပေါ့။ အမှုဖွင့်တော့ ကျွန်တော် တရားလိုနဲ့ ဖွင့်တာ။ ညခင်းကြတော့ မြို့နယ်မှူးက တရားလိုဖြစ်တာပေါ့။ ည ၁၂ နာရီ၊ ၁ နာရီလောက်မှာ ကျွန်တော်တို့ဆိုင်တွေကိုလည်း အခင်းဖြစ်တဲ့အကုန်လုံးကို တပ်မတော်ဘက်က သက်သေတွေ ဓာတ်ပုံတွေလာရိုက်ယူပြီး ညတွင်းချင်းမှာပဲ တပ်မတော်ဘက်က ဖမ်းပေးတာ။ ကျန်တဲ့ သုံးယောက်လုံးကို” ဟု လုယက်ခံခဲ့ရသည့်ဖုန်းဆိုင်ပိုင်ရှင်က MT News သို့ ပြောသည်။

လုယက်သူ ၄ ဦးလုံးသည် တောင်ဥက္ကလာမြို့တွင် နေထိုင်သူများဖြစ်ပြီး ထိုင်းနိုင်ငံမှ တင်သွင်းထားသည့် ဘောစိထည့်ပစ်ရသည့် သေနတ်ဖြင့် ခြိမ်းခြောက်ကာ ယုယက်ရန်ကြံစည်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသေနတ်သည် အသုံးပြုပြီးသားဖြစ်၍ အဆိုပါဖြစ်စဉ်မတိုင်မီ ကျူးလွန်ထားသည့် ပြစ်မှုများလည်းရှိနိုင်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သုံးသပ်ထားသည်။

“သေနက်က ထိုင်းဘက်ကသွင်းတဲ့ ဘောစိနဲ့သေနတ်လေး။ ချက်ကောင်းထိရင်တော့ သေတယ်။ အဲဒီသေနက် စပလိန်မရှိတော့ဘူး။ ရဲဘက်က ကောက်ချက်ချတာကတော့ အသုံးပြုထားလို့ပေါ့နော်။ အသစ်လည်းမဟုတ်ဘူး။ အရင်အမှုဟောင်းတွေရှိမလားဆိုပြီး ရဲတွေက သုံးသပ်ကြတယ်” ဟု ၎င်းက ပြောသည်။

ယခင်က ရွှေဆိုင်များကို ပစ်မှတ်ထားကာ ဓားပြတိုက်လုယက်ခဲ့ပြီး ရွှေဆိုင်များက လုံခြုံရေးအပြည့်အဝ ဆောင်ရွက်ခဲ့မှုတို့ကြောင့် ရွှေဆိုင်များသို့ ယုယက်၍မရတော့သည့်အချိန်တွင် ဖုန်းတစ်လုံးတည်း သိန်းဆယ်ချီတန်ဖိုးရှိပြီး မိန်းကလေးအများစုဖြင့် ဆောင်ရွက်နေသည့် ဖုန်းဆိုင်များကို ပစ်မှတ်ထား လုယက်လာခြင်းကြောင့် ဖုန်းဆိုင်များအနေဖြင့် လုံခြုံရေးအသိအမြဲရှိစေချင်ကြောင်း လုယက်ခံရသူဖုန်းဆိုင်ပိုင်ရှင်က အကြံပြုပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *