၂၄ .၄. ၂၀၂၄
Written by Hey Mar

လမ်းမပေါ် ဖြတ်သန်းသွယ်တန်းထားတဲ့ ဝိုင်ဖိုင်ကြိုးနဲ့တွဲကားငြိရာက မတော်တဆမှုဖြစ်ပွားပြီး ယာဥ်ငယ်တစ်စီးပျက်စီးကာ ဆိုင်ကယ်စီးနင်းလာသူ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ မနေ့က ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဥ်ကို မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မျိုးဆက်သစ်မြတ်ပါရမီ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က မိတ္ထီလာမြို့ အောင်ဇေယျာ နယ်မြေ (၁) ရပ်ကွက်၊ အ.ထ.က (၂) အနီးမှာဖြစ်ပွားခဲ့ပြီး ၁၂ ဘီး တွဲကားအမြင့်နဲ့ သွယ်တန်းထားတဲ့ ဝိုင်ဖိုင်ကြိုးမလွတ်ဘဲငြိကာ ဝိုင်ဖိုင်တပ်ဆင်သွယ်တန်းဖို့ စိုက်ထူထားတဲ့ သစ်သားတိုင်က ကျွတ်ထွက်ပြီး Hijet ယာဥ်ငယ်နဲ့ ဆိုင်ကယ်စီးနင်းလာသူကို ထိခိုက်ပျက်စီးကာ ဒဏ်ရာရရှိစေခဲ့တာပါ။

မျိုးဆက်သစ် မြတ်ပါရမီလူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဓာတ်တိုင်နဲ့ဝေးတဲ့ သူတို့ဝိုင်ဖိုင်လိုင်း တိုင်မရှိတဲ့ နေရာတွေဆို သစ်သားတိုင်စိုက်ပြီး ကြိုးသွယ်တာပေါ့။ အဓိက ကတော့ လွတ်လွတ်လပ်လပ် ဖြစ်အောင်လုပ်ရင် အကောင်းဆုံးပေါ့။ အခု တိုင်ကျွတ်ထွက်ပြီး ရိုက်တဲ့အရှိန်နဲ့ Hijet ကားက လေကာမှန်ကွဲတယ်။ ခေါင်းပိုင်း ဘယ်ညာ အတော်ထိသွားတယ်။ အဲဒီ့နေရာ ကားမို့လို့ ဆိုင်ကယ်တို့ လူတို့ဆို သေလောက်ပါတယ်။ ဆိုင်ကယ်မောင်းလာသူက ကြိုးနဲ့ ငြိပြီး ဆိုင်ကယ်မှောက်ရာက သွားကျိုးပြီး သွားဖုံးရိုးပါ ကွဲတဲ့ ဒဏ်ရာတွေ ရခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါ လူနာကိုကူညီဖို့ ပတ်ဝန်းကျင်ရှိ မိဘပြည်သူတွေက ဖုန်းဆက်အကူ အညီတောင်းခံလာတာကြောင့် မျိုးဆက်သစ်မြတ်ပါရမီ အသင်းပိုင် သူနာတင်ယာဥ်နဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News