၂၄. ၄. ၂၀၂၄
Written by Ye Kyaw

မြဝတီမြို့ကို တပ်မတော်မှ ထိန်းသိမ်းထားနိုင်ပြီဖြစ်သော်လည်း ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိတော့သဖြင့် Manual စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေမှသာ မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကုန်သွယ်ရေးတွေက အခုမှ သူတို့ညှိနှိုင်းနေတယ်ပေါ့လေ။ Duty ဆောင်ဖို့ကကြတော့​လေ အွန်လိုင်းတွေ သုံးလို့မရတော့ အခု Manual နဲ့ Duty ဆောင်ဖို့ကို အစည်းအဝေးလုပ်နေတယ်။ အဖြေတော့မသိရသေးဘူး။ တကယ်လို့ Manual နဲ့ကို Duty ဆောင်လို့ရတယ်ဆိုလို့ရှိရင်တော့ ကားတွေကတော့ ပြန်ဆင်းမှာပေါ့။ အခုလက်ရှိကတော့ ကားတွေလည်း မဆင်းသေးဘူး။ ထိုင်းဘက်ကလည်း ဒီနေ့တော့ တံတားမှာ သန့်ရှင်းတာတွေ၊ ဘာတွေလုပ်နေတယ်လို့ကြားတယ်။ အဲဒီဘက်ကိုတော့ သေချာမသိရသေးဘူး” ဟု မြဝတီနယ်စပ်ရှိ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

KNU၊ KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များက မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) အား သိမ်းပိုက်နိုင်ခဲ့ကြောင်း ဧပြီလ ၁၁ ရက်တွင် KNU မှ ထုတ်ပြန်ခဲ့ပြီး မြဝတီမြို့စောင့်တပ် ခလရ (၂၇၅)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြဝတီ-မဲဆောက် ချစ်ကြည်ကြည်ရေးအမှတ် (၂) တံတားအနီးသို့ ဆုတ်ခွာခဲ့ရသည်။

ထို့ပြင် ဧပြီ ၁၉ ရက် ည ၇ နာရီကျော်အချိန်မှစ၍ မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၂) တံတားအနီး ခလရ (၂၇၅)မှ လုံခြုံရေးတပ်ဖွဲဝင်များကို KNU နှင့် PDF ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် Drop Bomb ပစ်ချခြင်းနှင့် လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခြင်းကြောင့် တစ်ညလုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကာ မြဝတီမြို့တွင်းမှ ပြည်သူများလည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးရှောင်ခဲ့ရပြီး ပုံမှန်လမ်းကြောင်း အသုံးပြု၍မရဘဲ တောလမ်းကိုသာ အသုံးပြုဆောင်ရွက်နေရသည့် မြဝတီနယ်စပ်ကုန်သွယ်ရေး အားလုံးရပ်တန့်ခဲ့ရသည့်အပြင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်ခဲ့ခြင်းဖြစ် သည်။

ယင်းကဲ့သို့ တိုက်ခိုက်ခဲ့သည့် KNU နှင့် PDF အဖွဲ့များအား တပ်မတော်မှ လေကြောင်းပစ်ကူရယူ၍ တန်ပြန်နှိမ်နင်းခဲ့ခြင်းကြောင့် ဧပြီ ၂၀ ရက် ညနေ ၅ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်‌ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ဧပြီ ၂၃ ရက်(ယမန်နေ့)တွင် မြဝတီမြို့ရှိ ခလရ (၂၇၅) တပ်ရင်းကို တပ်မတော်က ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး မြဝတီမြို့အား ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News