၂၄.၄.၂၀၂၄
Written by TZ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၇ နှစ်အရွယ် ကလေးငယ်ကို ၁၆ ရက်ကြာမှ ဧရာဝတီမြစ်၊ ခတ်ချိုးကျေးရွာရေဆိပ်၌ အလောင်းပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ထိုအသက် ၇ နှစ်အရွယ်ကလေးငယ်မှာ ဧပြီလ ၇ ရက် ညနေ ၅ နာရီအချိန်တွင် နေအိမ်မှပျောက်သွားပြီး ဧပြီလ ၂၂ ရက် နံနက် ၈ နာရီအချိန်တွင် ၎င်းနေထိုင်သည့်နေအိမ်နှင့် အနည်းငယ်သာဝေးသည့် ဧရာဝတီမြစ် ခတ်ချိုးကျေးရွာရေဆိပ်၌ အလောင်းကို တံငါသည်များမှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

“အလောင်းက ကလေးငယ် နေအိမ်နဲ့နည်းနည်းပဲဝေးတာ။ အလောင်းကို တံငါသည်တွေက တွေ့တာ။ ရက်ကတော်တော်လေးလည်းကြာနေပြီ။ ၁၆ ရက်တောင်ဖြစ်နေပြီ”ဟု ကလေးငယ်၏ ရုပ်အလောင်းကိုသွားရောက်သယ်ဆောင်သည့် မွန်မြတ်စေတနာအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

အဆိုပါသေဆုံးမူနှင့်ပတ်သက်ပြီး တာဝန်ရှိသူများမှ စစ်ဆေးနေကြောင်း၊ သေဆုံးသည့် ကလေးငယ်မှာ အသက် ၇ နှစ်အရွယ် မောင်ဇွဲနိုင်ဖြစ်ပြီး ရုပ်အလောင်းကို မြို့မသုသာန်တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ -​ မွန်မြတ်စေတနာ

Leave a Reply

Your email address will not be published. Required fields are marked *