၂၄. ၄. ၂၀၂၄
Written by Ye Kyaw

ကမ္ဘာ့ရွှေဈေး မြင့်တက်၍ဟုဆိုကာ လိုက်ပါမြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးသည် လေးရက်အတွင်း ကမ္ဘာ့ရွှေဈေး ၆၅ ‌ဒေါ်လာ ပြန်လည်ကျဆင်းခဲ့ချိန်တွင် ဖြစ်သင့်သည့်ဈေးနှုန်းအထိ ပြန်လည်ကျဆင်းမှုမရှိဘဲ ကျပ်တစ်သိန်းသာ ပြန်လည်ကျဆင်းခဲ့သည့်အပြင် လက်ရှိကမ္ဘာ့ရွှေဈေး ထပ်မံကျဆင်းမှသာ ပြည်တွင်းရွှေဈေး ထပ်မံကျမည်ဖြစ်ကြောင်း သိရသည်။

“အဓိက,ကတော့ ကမ္ဘာ့ရွှေဈေးကျလို့ ပြည်တွင်းရွှေဈေး ကျလာတာ။ ကမ္ဘာ့ရွှေဈေး ထပ်ကျရင် ပြည်တွင်းရွှေဈေးလည်း ထပ်ကျလာမှာ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

အီရန်နှင့်အစ္စရေးနှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုကြောင့် ဧပြီ ၂၀ ရက်တွင် ကမ္ဘာ‌ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၂၃၉၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ယနေ့တွင် ‌ကမ္ဘာ့ရွှေဈေး ၂၃၂၅ ဒေါ်လာသို့ ပြန်လည်ကျဆင်းခဲ့၍ လေးရက်အတွင်း ၆၅ ဒေါ်လာ ပြန်လည်ကျဆင်းခဲ့သည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်ခဲ့သည့် ဧပြီ ၂၀ ရက်တွင် ပြည်တွင်း‌၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄,၈၀၀,၀၀၀ အထိ မြင့်တက်ခဲ့သော်လည်း ကမ္ဘာ့‌ရွှေဈေး ၆၅ ဒေါ်လာ ပြန်လည်ကျဆင်းချိန်တွင် ပြင်ပပေါက်ဈေးမဟုတ်ဘဲ ဗဟိုဘဏ်၏ Online Trading Platform မှတစ်ဆင့် ရောင်းချနေသည့် တစ်ဒေါ်လာ ၃၃၀၅ ကျပ်ဖြင့် တွက်ချက်လျှင်ပင် ကျပ် ၂၁၀,၀၀၀ ကျော် ကျဆင်းရမည်ဖြစ်သော်လည်း ကျပ်တစ်သိန်းသာ ပြန်လည်ကျဆင်းခဲ့ပြီး ကျပ် ၄,၇၀၀,၀၀၀ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးနှင့် အခြားသော နိုင်ငံရေးအခြေအနေ အပြောင်းအလဲဖြစ်ချိန်တိုင်းတွင် ဈေးနှုန်းထက်ကြပ်မကွာ မြင့်တက်မှုရှိခဲ့သော်လည်း ကမ္ဘာ့‌ရွှေဈေး၊ ဒေါ်လာဈေး ပြန်လည်ကျဆင်းချိန်နှင့် နိုင်ငံရေးအခြေ အနေများ ပြန်လည်တည်ငြိမ်လာချိန်တွင် ကျသင့်သည့်ဈေးနှုန်းအထိ ကျဆင်းမှုမရှိခဲ့ခြင်းကြောင့် လက်ရှိတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ်ခုနစ်သိန်းကျော် မြင့်တက်နေခြင်းလည်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေတစ်အောင်စနှင့် ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သား ဈေးနှုန်းများမှာ ဧပြီလ ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၉၀ ဒေါ်လာနှင့် ပြည်ရွှေဈေး ကျပ် ၄,၈၀၀,၀၀၀ ၊ ဧပြီလ ၂၂ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၅၉ ဒေါ်လာနှင့် ပြည်ရွှေဈေး ကျပ် ၄,၇၅၅,၀၀၀ ၊ ဧပြီလ ၂၃ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၀၃ ဒေါ်လာနှင့် ပြည်တွင်းရွှေဈေး ကျပ် ၄,၇၀၀,၀၀၀ ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *