၂၄. ၄. ၂၀၂၄
Written by Thettant

ပရီးမီးယားလိဂ်ပွဲစဥ် (၂၉) ပွဲကျန်ပွဲစဥ်အဖြစ် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ဒီနေ့မနက်က ယှဥ်ပြိုင်ကစားရာမှာ အာဆင်နယ်က ထရောဆတ် (၄ မိနစ်)၊ နောက်ခံလူ ဘန်ဝှိုက်(၅၂ မိနစ်၊ မိနစ် ၇၀)နဲ့ အသင်းသားဟောင်း ကိုင်ဟားဗက်ဇ် (၅၇ မိနစ်၊ ၆၅ မိနစ်) တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ်ချေမှုန်းခဲ့လို့ ချဲလ်ဆီးတို့ မရှုမလှရှုံးနိမ့်သွားပါတယ်။

လန်ဒန်ဟာ အနီရောင်ဖြစ်တယ်လို့ အာဆင်နယ်တို့ သက်သေပြဖို့အတွက် အဝေးကွင်းမှာအရှက်တကွဲ ငါးဂိုးပြတ်အရှုံးခံခဲ့တဲ့ ချဲလ်ဆီးဟာ တစ်ဦးတည်းသော ဂိုးသွင်းပေးမဲ့သူ ပါးလ်မားမပါဝင်နိုင်ချိန်မှာ အဖက်ဖက်က ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အာဆင်နယ်က ဂိုးပေါက်ကို ၂၇ ကြိမ် ကန်နေချိန်မှာ ၇ ကြိမ်ပဲ တန်ပြန်နိုင်တဲ့အထိကို နိမ့်ကျခဲ့တာပါ။

ချဲလ်ဆီးရဲ့ဒီရှုံးပွဲဟာ အာဆင်နယ်အဖို့ ချဲလ်ဆီးနဲ့ယှဥ်ပြိုင်မှုမှာ အကြီးမားဆုံးနိုင်ပွဲတစ်ခုဖြစ်ခဲ့သလို ချဲလ်ဆီးနည်းပြ ပိုချက်တီနိုအဖို့လည်း နည်းပြဘဝမှာ အာဆင်နယ်ကို အမ်းမရိတ်စ်ကွင်းဆီ သွားရောက်ယှဥ်ပြိုင်တဲ့ ပရီးမီးယားလိဂ်တွေ့ဆုံမှု ၈ ပွဲမှာ နိုင်ပွဲလုံးဝမရခဲ့ဘဲ ၄ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်တဲ့ ရလဒ်ဆိုး ပိုင်ဆိုင်ခဲ့ပါတယ်။

အာဆင်နယ်အဖို့ ဒီနိုင်ပွဲကြောင့် ဖလားပြေးလမ်းပေါ်က အနီးကပ်ဆုံးယှဥ်ပြိုင်ဘက် နှစ်သင်းဖြစ်တဲ့ လီဗာပူးကို ၃ မှတ်၊ မန်စီတီးကို ၄ မှတ်ဖြတ်ထားနိုင်ခဲ့ပေမဲ့လည်း လီဗာပူးထက်တစ်ပွဲပိုကစားထားပြီး မန်စီးတီးထက် နှစ်ပွဲပိုကစားထားရလို့ ကိုယ်တိုင်ခြေမချော်ဘဲ ရမှတ်အပြည့်ယူနိုင်ဖို့နဲ့ မန်စီးတီးခြေချော်ဖို့တော့ ထိုင်ဆုတောင်းနေရဦးမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *