၂၄. ၁၂. ၂၀၂၄
Written by Nay Moe

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိးမြို၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၅)၊ ဝမ်မိုင်လမ်း၊ အိမ်အမှတ်(၅/၃၂) အား ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် ဝင်ရောက်စစ်ဆေးရှာဖွေရာ တရုတ်နိုင်ငံသား ၁၂ ဦးက ဦးဆောင်ပါဝင်နေသည့် လက်နက်ကိုင် တရားမဝင် ကျားဖြန့်ဂိုဏ်းတစ်ခုကို ဖမ်းဆီးရမိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

အဆိုပါ ကျားဖြန့်ဂိုဏ်းတွင် ကျုံးခိုင်(ကျား) ၄၀ နှစ်၊ (ဘ) ကျုံးမင်းထိုက်၊ မှတ်ပုံတင်(မရှိ)၊ တရုတ်/ဗုဒ္ဓ အပါအဝင် တရားမဝင် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် မ ၄ ဦး၊ ပေါင်း ၂၄ ဦးတို့နှင့်အတူ အွန်လိုင်းလိမ်လည်မှုပြုရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ အွန်လိုင်းလိမ်လည်မှုပြုပေးရန် လူကုန်ကူးခံရသူများကို ခြိမ်းခြောက်နှိပ်စက်ချိန် အသုံးပြုသည့် လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်၍ တရားမဝင်အွန်လိုင်းလိမ်လည်မှု ကျားဖြန့် လုပ်ငန်းများ လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသားများထံမှ ပွိုင့် ၃၈ ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ၉ မမ ဘရောင်နင်ပစ္စတို ၁ လက်၊ ပွိုင့် ၃၈ ကျည် ၅ တောင့်၊ ၉ မမကျည် ၈ တောင့်၊ Desktop ကွန်ပျူတာ ၁၁ လုံး၊ Laptop ၂ လုံး၊ Adaptor ၁၃ ခု၊ မောက်စ် ၁၄ ခု၊ UPS ၁ လုံး၊ ကီးဘုတ် ၁၈ ခု၊ ပရင်တာ ၁ လုံး၊ ဝိုင်ဖိုင်စက် ၄ လုံး၊ UP3/Starlink ၁ ခု၊ ဖုန်းမျိုးစုံ ၁၃၆ လုံး သိမ်းဆည်းရမိခဲ့သည်ဟုလည်း သတင်းဖော်ပြချက်များအရ သိရပြီး တာဝန်ရှိသူများက အသေးစိတ်ဆက်လက်စစ်ဆေးနေသည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ မြန်မာနိုင်ငံသားများနှင့် အခြားနိုင်ငံသားများကို ဖမ်းဆီးကျွန်ပြုကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများလုပ်ဆောင်နေသော တရုတ်နိုင်ငံသားများနှင့် အခြားနိုင်ငံသားများကို နှိမ်နင်းဖမ်းဆီး၍ ပြန်လည်လွှဲပြောင်းပေးနေမှုမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်အထိ တရုတ်နိုင်ငံသား ၄၈၈၀၃ ဦး၊ ဗီယက်နမ် နိုင်ငံသား ၁၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦး၊ ကိုရီးယားနိုင်ငံသား ၂၀ ဦးနှင့် လာအိုနိုင်ငံသား ၁၈ ဦးတို့အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၀၆၁၉ ဦးကို စိစစ်ဖော်ထုတ်၍ ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *