၂၃. ၄. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်တွင် အိမ်ငှားရမ်းနေထိုင်နေသည့် မြန်မာမိသားစုဝင်သုံးဦးသည် ဓားဖြင့် ထိုးသတ်ခံရကာ သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

ချင်းမိုင်ပြည်နယ် San Kamphaeng ရဲစခန်းမှ အရာရှိတစ်ဦးဖြစ်သော ရဲမှူး ဖီချစ်ဆက်ဟာ ဦးဆောင်သောရဲတပ်ဖွဲ့ဝင်များသည် Ban Pa Tan အရပ်ဒေသတွင် မြန်မာမိသားစုဝင်များ အသတ်ခံရသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် မြန်မာနိုင်ငံသားသုံးဦး သေဆုံးနေသည်ကိုတွေ့မြင်ခဲ့ကြောင်း အတည်ပြုပြောဆိုထားသည်။

စုံစမ်းစစ်ဆေးချိန်အတွင်း အသက် ၂၉ နှစ်အရွယ်ရှိ မနန်းဆိုသူကို အိမ်ယာပေါ်တွင် သေဆုံးနေသည်ကို တွေ့မြင်ခဲ့ကြောင်း၊ မနန်းနှင့်ကပ်လျက်တွင် အသက် ၉ နှစ်အရွယ်ရှိသားငယ် သေဆုံးနေသည်ကို တွေ့မြင်ခဲ့ကြောင်း၊ အိပ်ယာနားတွင် အသက် ၃၈ နှစ်အရွယ်ရှိ မြန်မာအမျိုးသား ဆန်းသူအေးဆိုသူ သေဆုံးနေသည်ကိုတွေ့မြင်ခဲ့ကြောင်း San Kamphaeng ရဲစခန်းမှ ရဲမှူး ဖီချစ်ဆက်ဟာက အတည်ပြုပြောဆိုထားသည်။

ထိုင်းရဲတပ်ဖွဲ့ဝင်များသည် မှုခင်းဆရာဝန်များနှင့် ပူးပေါင်းပြီးသေဆုံးနေသည့် ရုပ်အလောင်းများကို ခွဲစိတ်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ မြန်မာနိုင်ငံသား မိသားစုဝင်သုံးဦးသေဆုံးမှုနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ကို ကနဦးစုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါသေဆုံးမှုကို ပထမဆုံးတွေ့မြင်ခဲ့သူတစ်ဦးက မနန်းနှင့် ခင်ပွန်းဖြစ်သူတို့သည် မကြာခဏရန်ဖြစ်စကားများကြောင်း ပြောဆိုထားသည်။

ခင်ပွန်းဖြစ်သူသည် မနန်းကို အခြားအမျိုးသားတစ်ဦးနှင့်ချစ်ကြိုက်နေသည်ဟု သံသယရှိကာ စွပ်စွဲပြောဆိုရာမှ ရန်ဖြစ်စကားများခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်အလောင်းများကို ပထမဆုံးတွေ့မြင်ခဲ့သူတစ်ဦးက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့နှင့် ပတ်ဝန်းကျင်တွင်နေထိုင်သူများက ခင်ပွန်းဖြစ်သူသည် ဇနီးသည်နှင့်သားဖြစ်သူတို့ကို ဓားဖြင့်ထိုးသတ်ပြီး ကိုယ်ကိုယ်ကိုယ် သတ်သေခဲ့ခြင်းမျိုးဖြစ်ဖွယ်ရှိနေသည်ဟု ယုံကြည်နေသည်။ ထိုင်းရဲတပ်ဖွဲ့ဝင်များသည် ရုပ်အလောင်းများတွေ့ရှိနေသည့် အိပ်ယာနားတွင် အရှည် ၁၀ လက်မရှိသော ဓားကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

REF ,Thairath

Leave a Reply

Your email address will not be published. Required fields are marked *