၂၄. ၄. ၂၀၂၄
Written by Nay Moe

AA ကူညီမှုနဲ့ လေးလကျော်တိုက်ခိုက်နေရတဲ့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ကျင်ဒွေးမြို့ သိမ်းပိုက်နိုင်တဲ့အထိ ဆက်တိုက်မယ်လို့ ချင်းပူးပေါင်းတပ်တွေဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ – တပ် မဟာ(၁)) တို့က အသိပေးချက် ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်ကစပြီး CDF ပူးပေါင်းတပ်တွေနဲ့ PDF တပ်တွေ ပူးပေါင်းပြီး တိုက်ပွဲစတင် ဖော်ဆောင်ခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကူတပ်အင်အား ထပ်မံဖြည့်တင်းမှုကြောင့် နောက်ဆုတ်ခဲ့ရတာကြောင့် ၂ဝ၂၄ ခုနှစ်၊ မတ်လ ၇ ရက်ကစတင်ပြီး ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စတင်ဖော်ဆောင်ချိန်မှာ ကျင်ဒွေးမြို့နဲ့ တစ်ကီလိုမီတာအကွာ အရှေ့ဘက်ကားလမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် မြို့ကိုပတ်လည်ပိတ်ဆို့ တိုက်ခိုက်ချိန် မတ်လ ၂၃ ရက်မှာ အင်အား ၁၀၀ ကျော်ကို ရဟတ်ယာဥ်နဲ့ တပ်ကူဖြည့်တာကြောင့် တပ်ကူကို ပိတ်ဆို့တိုက်လို့ မတ်လ ၂၇ ရက်မှာ ကျင်ဒွေး-ကန်ပက်လက်၊ ကျင်ဒွေး-လောင်းရှည်လမ်းဆုံမှာ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

ကျင်ဒွေးမြို့ကို ဧပြီ ၂၀ ရက်မှာလည်း ရဟတ်ယာဥ်နဲ့ တပ်ကူ ၁၆၀ ကျော် ပို့ပေးတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေသလို ချင်းညီနောင်ပူးပေါင်းစစ်ဆင်ရေးအဖြစ် အကောင်အထည်ဖော်နေတာကို ကူညီပေးတဲ့ AA ကို ကျေးဇူးတင်ကြောင်းနဲ့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို နောက်မဆုတ်ဘဲ မဟာမိတ်တွေအကူအညီနဲ့ မြို့ရတဲ့အထိ ဆက်တိုက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *