၂၀. ၄. ၂၀၂၄
Written by Thettant

UFC မှာ သုံးပွဲဆက်အနိုင်ရထားတဲ့ ချင်းတိုင်းရင်းသား ဖိုက်တာ Joshua Van ရဲ့ စတုတ္ထမြောက် ထိုးသတ်ပွဲက လာမဲ့ ဇွန်လ ၁ ရက် UFC 302 ပွဲမှာဖြစ်ပြီး သူနဲ့ထိုးသတ်ရမဲ့သူက တရုတ်ဖိုက်တာ Sumudaerji ဖြစ်ပါတယ်။

အသက် ၂၂ နှစ်နဲ့ ၆ လအရွယ် Joshua Van ဟာ ၂၀၂၃ ဇွန်လက UFC မှာ ပထမဦးဆုံး ယှဉ်ပြိုင်ထိုးသတ် အနိုင်ရပြီး သုံးပွဲဆက်တိုက် ပြိုင်ဘက်ကောင်းတွေကို အနိုင်ရထားတဲ့ မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသားအဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသား Sumudaerji (The Tebatan Eagle) က နောက်ဆုံး ၅ ပွဲမှာ ၅ ပွဲလုံး အနိုင်ရရှိထားသလို Professional Record အနေနဲ့ ၁၆ – ၆ – ၀ ရလဒ်ပိုင်ဆိုင်ထားပြီး နိုင်ပွဲ ၁၆ ပွဲမှာ ၁၃ ပွဲက အလဲထိုးနဲ့ အနိုင်ရရှိထားကာ အဲဒီထဲမှာ ၁၁ ပွဲက ပထမအချီမှာ ပွဲဖြတ်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်ထားတဲ့အပြင် အသက်အရွယ်အားဖြင့်လည်း အသက် ၂၈ နှစ်ဆိုတဲ့ အကောင်းဆုံးအသက်အရွယ်မှာ ရှိနေပြီး အရပ်အမောင်းနဲ့ခန္ဓာကိုယ်ပိုင်းကပါ Joshua Van ထက် သာလွန်တာကြောင့် UFC ရဲ့ အသက်အငယ်ဆုံး ချန်ပီယံဖြစ်ချင်တယ်ဆိုတဲ့ Van အတွက်တော့ ထိုးသတ်သမျှထဲ အခက်ခဲဆုံး လက်ရည်စစ်ပွဲဖြစ်လာမှာပါ။

Joshua Van ထိုးသတ်တဲ့ပွဲတွေကို အကြမ်းဖျဥ်းအကဲဖြတ်မယ်ဆိုရင် သူဟာ ပထမအချီမှာ ပြိုင်ဘက်ရဲ့ ထိုးသတ်ပုံကိုအကဲဖြတ်ပြီးမှ တန်ပြန်တိုက်စစ်ဆင်တာဖြစ်လို့ ပထမအချီမှာ နိမ့်တာများပြီး နောက်အချီတွေမှ ပြန်လာနိုင်တာဖြစ်လို့လည်း ပထမအချီတင်အလဲထိုး ပွဲဖြတ်တာများတဲ့ တိဘက်လင်းယုန်ကို ယှဥ်ပြိုင်ဖို့သေချာပေါက်ခက်မှာပါ။

ဒါပေမဲ့လည်း UFC ရဲ့ အသက်အငယ်ဆုံးချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားတယ်ဆိုရင်တော့ တခြားဖိုက်တာတွေကလည်း တိဘက်လင်းယုန်ထက် ခက်သထက်ခက်လာမဲ့စာစစ်မှူးတွေချည်းဖြစ်လို့ Van အဖို့တော့ ဘယ်လောက်ခက်တဲ့စာစစ်မှူးဖြစ်ဖြစ် အနိုင်ရဖို့ ဖြေဆိုထိုးသတ်ရမှာပါ။

Jon Jones က UFC ရဲ့ အသက်အငယ်ဆုံး ချန်ပီယံပါ။ သူ့အသက် ၂၃ နှစ်နဲ့ ၈ လမှာ UFC ရဲ့ ချန်ပီယံဖြစ်လာခဲ့ပြီး Van က လက်ရှိမှာ ၂၂ နှစ်နဲ့ ၆ လဖြစ်လို့ UFC ရဲ့ အသက်အငယ်ဆုံးချန်ပီယံဖြစ်ဖို့ဆိုရင်တော့ သူ့အဖို့ အချိန် ၁၁ လပဲရတော့မှာပါ။ ၁၁ လအတွင်းမှာ သူ ချန်ပီယံဖြစ်လာမလားဆိုတာကတော့….။

Leave a Reply

Your email address will not be published. Required fields are marked *