၂၀. ၄. ၂၀၂၄
Written by Pan Ei

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူသမ္မတဖြစ်စဉ်က အပြာမယ်တစ်ဦးကို သူတို့ရဲ့ပတ်သတ်မှု နှုတ်ပိတ်ထားဖို့အတွက် ငွေပေးခဲ့မှုအပေါ် နယူးယောက်တရားရုံးမှာ မနေ့က အမှုရင်ဆိုင်နေချိန် တရားရုံးအပြင်ဘက်မှာ အမျိုးသားတစ်ဦးက ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားဟာ လျှို့ဝှက် ပူးပေါင်းကြံစည်ချက်တွေအကြောင်း ဝါဒဖြန့်တဲ့အကြောင်းအရာတွေပါတဲ့ လက်ကမ်းစာစောင်တွေကို လေထဲကို မဖြန့်ကြဲမီ သူ့ခန္ဓာကိုယ်ကို အရည်တစ်မျိုးနဲ့ လောင်းချခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ မနေ့က သူ့အမှုအတွက် ခုံသမာဓိအဖွဲ့ ရွေးချယ်ဖို့ တရားရုံးအဆောက်အဦထဲမှာရှိနေခဲ့ပေမဲ့ အခင်းဖြစ်ပွားချိန်မှာတော့ ထရမ့်က ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ အမျိုးသားဟာ အသက် ၃၇ နှစ်အရွယ် Maxwell Azzarello ဆိုသူဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖလော်ရီဒါက သူ့ရဲ့နေအိမ်ကနေ နယူးယောက်ကို ရောက်ရှိလာခဲ့တယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ရည်ရွယ်ချက်ကို မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သလို အခင်းဖြစ်ပွားချိန်မှာ သူဟာ အတော်ကြာ မီးလောင်ခဲ့ပေမဲ့ တရားရုံးအပြင်ဘက်က ရဲတွေက သူ့ကို ကယ်ဆယ်နိုင်ခဲ့ကာ ခန္ဓာကိုယ်မှာ ဆိုးရွားစွာ လောင်ကျွမ်းသွားခဲ့တဲ့ သူ့ကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အခုလက်ရှိဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

မီးငြှိမ်းသတ်ရာမှာ နယူးယောက်ခ် ရဲတပ်ဖွဲ့က အရာရှိ ၃ ဦးနဲ့ တရားရုံးအရာရှိတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး တရားရုံးအပြင်ဘက် လုံခြုံရေးကို ပြန်လည်စစ်ဆေးသွားမယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *