၂၀. ၄. ၂၀၂၄
Written by Ye Kyaw

အီရန်နှင့်အစ္စရေးနှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုကြောင့် ကမ္ဘာ‌ရွှေဈေးမြင့်တက်နေသကဲ့သို့ ပြည်တွင်း၌လည်း လန့်ဈေးဖြစ်နေ၍ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄,၈၂၀,၀၀၀ အထိ မြင့်တက်နေကာ ကမ္ဘာ့‌ရွှေဈေးပြန်ကျပါက ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်းလာဖွယ်ရှိကြောင်း ရန်ကုန်တိုင်း‌ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ သိရသည်။

“ကမ္ဘာ့ရွှေဈေးတက်နေတာပါတယ်။ အဓိက, က အဲဒါ ပါတယ်။ ကမ္ဘာ့‌ရွှေဈေးပြုတ်ကျသွားရင် ပြန်ပြုတ်ကြသွားမှာ။ လောလောဆယ်ကလည်း ကမ္ဘာ့‌ရွှေဈေးက အီရန်နဲ့အစ္စရေး ပြဿနာကို အခြေခံပြီးတော့တက်သွားတာ။ ရုရှားနဲ့ယူကရိန်းဖြစ်တုန်းကလိုပေါ့။ ခဏတော့လန့်နေမှာပဲ။ ပြည်တွင်းမှာပဲ မဟုတ်ဘူး။ ပြည်ပမှာလည်း တက်နေတာ” ဟု YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ယခု ဧပြီလဆန်းပိုင်းတွင် ဒေါ်လာ ၂၃၀၀ အောက်သာရှိခဲ့သည့် ကမ္ဘာ့ရွှေဈေး ဧပြီလ ၆ ရက်မှစတင်၍ ဒေါ်လာ ၂၃၀၀ ကျော်သို့ ရောက်ရှိခဲ့ပြီး ဧပြီလ ၂၀ ရက် ယနေ့တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၂၃၉၁ ဒေါ်လာနီးပါးအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးသည် သင်္ကြန်ပိတ်ရက်မတိုင်မီအထိ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄,၇၁၀,၀၀၀ ရှိခဲ့ရာမှ ဈေးနှုန်းပြန်ဖွင့်သည့် ဧပြီ ၁၉ ရက် (ယမန်နေ့)တွင် ကျပ် ၄,၈၂၀,၀၀၀ အထိ မြင့်တက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း ရွှေဈေးနှုန်းများ ဖွင့်လှစ်ထားခြင်းမရှိသည်ကို တွေ့ရှိရသည်။

ထို့အပြင် သင်္ကြန်ရုံးပိတ်ရက် ရက်ရှည်ဖြစ်ခြင်းကြောင့် ခရီးထွက်သူများခြင်းနှင့် အလုပ်များရပ်နားထားခြင်းတို့ကြောင့် ပြည်တွင်းရွှေဈေးကွက်အတွင်းသို့ ရွှေဝင်ရောက်မှုသည်လည်း ယခုရက်ပိုင်းအတွင်း လျော့ကျနေကြောင်း သိရသည်။

“လောလောဆယ်တော့ ရွှေဝင်တဲ့အခြေအနေက ပါးတယ်။ အားလုံးက ခရီးထွက်နေတာဆိုတော့လေ။ အထည်ပျက်တောင်မှပဲ ဈေးကွက်ဖွင့်ပြီးတော့ တစ်ပတ်လောက်ကြာမှ ပြန်ဝင်လာမယ်။ ပိတ်ရက်တွေခံနေလို့လေ” ဟု ဦးမျိုးမြင့်က ပြောသည်။

သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ရွှေတစ်အောင်စနှင့် ပြည်တွင်း အခေါက်ရွှေတစ်ကျပ်သား ဈေးနှုန်းများမှာ ဧပြီလ ၈ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၃၃ ဒေါ်လာနှင့် ပြည်ရွှေဈေး ကျပ် ၄,၅၉၀,၀၀၀ ၊ ဧပြီလ ၉ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၅၈ ဒေါ်လာနှင့် ပြည်ရွှေဈေး ကျပ် ၄,၆၉၅,၀၀၀ ၊ ဧပြီလ ၁၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၄၇ ဒေါ်လာနှင့် ပြည်တွင်းရွှေဈေး ကျပ် ၄,၇၉၀,၀၀၀ ၊ ဧပြီလ ၁၁ ရက်တွင် ကမ္ဘာ့ရွှေဈေး ၂၃၃၃ ဒေါ်လာနှင့် ပြည်တွင်းရွှေဈေး ကျပ် ၄,၇၁၀,၀၀၀ ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *