၂၀. ၄. ၂၀၂၄
Written by Pan Ei

ကမ္ဘာကျော် ဘီလျံနာ အီလွန်မက်စ်ဟာ သူပိုင်တဲ့ လူမှုမီဒီယာပလက်ဖောင်း X (အရင် Twitter) အတွက် ပြိုင်ဆိုင်မှုနည်းပါးသွားနိုင်ပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ TikTok ကို ပိတ်ပင်ခြင်းကို မနေ့က ဧပြီလ ၁၉ ရက်မှာ ဆန့်ကျင်ကန့်ကွက်ကြောင်း ​ပြောခဲ့ပါတယ်။

TikTok ကို တရုတ်မိခင်ကုမ္ပဏီ ByteDance ကနေ ခွဲထွက်ဖို့ ဒါမှမဟုတ် တစ်နိုင်ငံလုံးမှာ ပိတ်ပင်ခံရတာနဲ့ ရင်ဆိုင်ဖို့ တွန်းအားပေးမဲ့ ဥပဒေကြမ်းကို စနေနေ့ကြရင် အမေရိကန် အောက်လွှတ်တော်မှာ မဲပေးဖို့ စီစဉ်ထားပါတယ်။

“TikTok ပိတ်ပင်လိုက်ခြင်းဟာ X ပလက်ဖောင်းကို အကျိုးပြုနိုင်ပေမဲ့ အမေရိကန်မှာ TikTok ကို ပိတ်ပင်မထားသင့်ပါဘူး” လို့ မက်စ်က X မှာ ပြောကြားခဲ့ခြင်းဖြစ်ကာ “ဒီလိုလုပ်တာဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ထုတ်ဖော်ခွင့်ကို ဆန့်ကျင်နေပါတယ်” လို့ သူက ဆက်လက်ဖော်ပြခဲ့ပါတယ်။

X မှာ Musk ရဲ့မှတ်ချက်အပေါ် TikTok ကို ပိတ်လိုက်ရင် အခြားသော ဆိုရှယ်မီဒီယာနဲ့ စာတိုပေးပို့ခြင်းဝန်ဆောင်မှုတွေကို ပြောင်းလဲအသုံးပြုရတော့မလားဆိုတာကို စိုးရိမ်ကြောင်းဖော်ပြတဲ့ တုံ့ပြန်မှု အများအပြားရရှိခဲဲ့ပါတယ်။

ဥပဒေကြမ်းအရ ByteDance ဟာ လအနည်းငယ်အတွင်း အက်ပ်ကို ရောင်းချရမှာဖြစ်ပြီး ဒါမှမဟုတ် အမေရိကန်ရှိ Apple နဲ့ Google ရဲ့ အက်ပ်စတိုးတွေက ဖယ်ထုတ်ခံရမှာဖြစ်ပါတယ်။

TikTok က အဆိုပါဥပဒေမူကြမ်းဟာ အမေရိကန်စီးပွားရေးကို ထိခိုက်မှာဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်စေတယ်လို့ ပြစ်တင်ဝေဖန်ခဲ့သလို ခုလိုတားမြစ်ပိတ်ပင်မှုက “အမေရိကန်လူမျိုး သန်း ၁၇၀ ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို နင်းချေပြီး၊ စီးပွားရေးလုပ်ငန်း ၇ သန်းကို ဖျက်စီးကာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၂၄ ဘီလျံ ထောက်ပံ့တဲ့ ပလက်ဖောင်းကို ပိတ်ပစ်တာ” လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထပ်လောင်းပြောကြားခဲ့ပါတယ်။

TikTok ရဲ့လူကြိုက်များမှုနဲ့ပတ်သက်ပြီး အနောက်တိုင်းတာဝန်ရှိသူတွေကတော့ TikTok ဟာ တရုတ် ဘေဂျင်းလက်အောက်ခံဖြစ်ပြီး ဝါဒဖြန့်ဖို့ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ စွပ်စွဲကာ လူငယ်တွေကြားမှာ TikTok ရဲ့ရေပန်းစားမှုကို သတိပေးနှိုးဆော်ထားတာဖြစ်ပြီး အဆိုပါ စွပ်စွဲချက်တွေအပေါ် ကုမ္ပဏီနဲ့ ဘေဂျင်းတို့ကတော့ ငြင်းဆိုထားပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဧပြီလအစောပိုင်းက သူ့ရဲ့ တရုတ်မိတ်ဖက် ရှီကျင့်ဖျင်နဲ့ ဖုန်းခေါ်ဆိုမှုအတွင်း TikTok နဲ့ ပတ်သက်ပြီး သူ့ရဲ့စိုးရိမ်မှုတွေကို ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *