၁၉. ၄ .၂၀၂၄
Written by Hey Mar

အပူပိုင်းဒေသဖြစ်တဲ့ အညာမြေရဲ့ အသက်ထနောင်းပင်တွေကို အခုအခါ အခေါက်ခွာရောင်းတဲ့စျေးကွက်တစ်ခု ပေါ်ပေါက်လာတာကြောင့် သင်းသတ်ခံရမယ့် စိုးရိမ်စရာအရေးလို့ အညာမြေ စိမ်းလန်းစိုပြေရေး ကြိုးပမ်းနေတဲ့ အရပ်ဘက်အဖွဲ့အစည်း ရေနံ့သာဒင်္ဂါးအဖွဲ့မှ ကိုဒင်္ဂါးက ဆိုပါတယ်။

ထနောင်းအခေါက် တစ်ပိဿာကို ကျပ် သုံးရာနဲ့ ဝယ်ယူတဲ့အတွက် ဒေသခံတွေက စားဝတ်နေရေးကျပ်တည်းအခါ အပင်တန်ဖိုးကို မစဥ်းစား မသိရှိတော့ဘဲ ခွာရောင်းကြတာလို့သိရပါတယ်။

“တစ်ပင်လုံးခွာလို့ သုံးပိဿာမထွက်ဘူး။ ထနောင်းပင်တွေရဲ့ အသက်တွေဟာ တန်ဖိုး(၁၀၀၀ကျပ်) လောက်နဲ့ ဖျက်ဆီးခံနေရတာ။ ထနောင်းခေါက်နဲ့ ဘာသုံးလဲဆိုတော့ ကြားသလောက်ပေါ့နော်။ အရက်စိမ်ရည် ပြင်းအားတိုးချင်တဲ့အခါ သုံးတယ်။ သားရေတွေ အရောင်ဆေးဆိုးတာနဲ့ ယွန်းထည်တွေ သစ်စေး သုတ်ရာမှာသုံးတယ်လို့တော့ ကြားတယ်။ ထနောင်းခေါက် ဘယ်ကဝယ်နေလဲဆိုတော့ မကွေးမှာဝယ်တယ်။ အခု အခွာခံရတဲ့ အပင်တွေက မကွေးနဲ့ အောင်လံကြားက အပင်တွေအများဆုံးတွေ့ရတယ်”လို့ ကိုဒင်္ဂါးက MT News ကို ပြောပါတယ်။

ထနောင်းပင်တွေက အပူပိုင်းဒေသရဲ့ တန်ဖိုးရှိပြီး အရိပ်ကောင်းပေးနိုင်သလို ထနောင်းပင်အများစုဟာ လူတွေစိုက်တာမဟုတ်ဘဲ စိုက်ပျိုးလို့လည်း မလွယ်ကူဘူးလို့သိရပါတယ်။ သဘာဝအတိုင်းပေါက်တာများပြီး ထနောင်းသီးကို ဆိတ်တွေ နွားတွေက စားကာ မစင်ပြန်စွန့်ရာက အစေ့ပါလာပြီး အပင်ပြန်ပေါက်တဲ့သဘောလို့လည်း ကိုဒင်္ဂါးက ရှင်းပြပါတယ်။

“အညာမှာ ထန်းပင်၊ ညောင်ပင်နဲ့ ထနောင်းပင်ပဲ ကောင်းရာရာ ကျန်တယ်။ ကုက္ကိုလ်ပင်တွေဆိုလည်း ဆီကြိတ်ဆုံတွေ လုပ်ပစ်လို့ အတော်များများ ခုတ်ထွင်ခံရတယ်။ ကြိတ်ဆုံတစ်ခုကို အပင် တစ်ပင်လောက် သုံးရတာ။ ပြီးခဲ့တဲ့ နှစ်တွေကလည်း ကြားမှာပေါ့။ မန်ကျည်းရွက် တစ်ပိဿာ ဘယ်လောက်စျေးဆိုပြီး ဝယ်တာ။ ထန်းပင်အလုံးလိုက် ဝယ်တာတွေ။ ဒါက အညာမြေကို တမင်များ သင်းသတ်နေသလား တွေးရတယ်။ အညာသူအညာသား အလုပ်အကိုင်ပါးရှားတာရော အသိ ပညာအားနည်းတာရောကြောင့် အကုန်ရောင်းကြတယ်။ အခု ဒီထနောင်းတွေပါ ပါလာပြီ။ ဒါတွေသာမရှိတော့ရင် ကန္တာရ ထီးထီးဖြစ်ပြီး ဘာမှ စိုက်ပျိုးလို့ ရမှာမဟုတ်တော့ဘူး။ ဒါဆိုရင် အလုပ်အကိုင် ငွေကြေး ပိုပါးရှားလာမယ်။ ထိုင်းတို့ လာအိုတို့ တရုတ်တို့ ထွက်ပြီး အလုပ်လုပ်ရမယ်။ လုပ်အားခ နည်းနည်းနဲ့ အညာသားအလုပ်သမားတွေ ခေါ်ချင်လို့များ ဒီလို လုပ်နေကြလားတောင် တွေးဆစရာ”လို့ ရေနံ့သာဒင်္ဂါးအဖွဲ့မှ ကိုဒင်္ဂါးက ပြောပါတယ်။

ထနောင်းခေါက်ခွာခံရတဲ့အပင်ဟာ ချက်ချင်း မသေပေမဲ့ ဒဏ်ရာရကာ နှစ်အနည်းငယ်အတွင်း မတ်တပ်ခြောက် ခြောက်သွားကြောင်း၊ အပင်တွေ နည်းလာလေ အပူရှိန်ပြင်းလာပြီး မိုးနည်းလာလေ မြေယာပျက်စီးဖို့ပို များလေလို့ သိရပါတယ်။

အဆိုပါ ထနောင်းအခေါက်ခွာပြီးရောင်းဝယ်ဖောက်ကားနေကြတာနဲ့ ပတ်သက်လို့ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်ပြီး ဒေသခံတွေကို အသိပညာပေးတာတွေ ဟောပြောဆွေးနွေးပေးတာတွေလည်း အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးနဲ့ပတ်သက်လို့ ဆောက်ရွက်လျှက်ရှိနေတယ်လို့လည်း မကွေးမြို့မှ သစ်တောအုပ်က MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

photo – ကိုဒင်္ဂါး

Leave a Reply

Your email address will not be published. Required fields are marked *