၁၉. ၄. ၂၀၂၄
Written by Pan Ei

တရုတ်နိုင်ငံက အဓိကမြို့ကြီးတွေရဲ့ ထက်ဝက်နီးပါးဟာ အလယ်အလတ်ကနေ ပြင်းထန်တဲ့အဆင့်အထိ မြေမျက်နှာပြင် နိမ့်ကျနေမှုဒဏ်ကို ခံစားနေကြရပြီး အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာချိန်မှာ သန်းနဲ့ချီတဲ့ လူတွေဟာ ရေလွှမ်းမိုးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတစ်ဝန်းရှိ ဂြိုလ်တုဒေတာလေ့လာမှုတစ်ခုအရ သိရပါတယ်။

Science ဂျာနယ်က ထုတ်ဝေတဲ့ စာတမ်းထဲမှာ ရေးသားသူတွေဟာ တရုတ်နိုင်ငံက မြို့ပြမြေရဲ့ ၄၅ ရာခိုင်နှုန်းဟာ တစ်နှစ်ကို ၃ မီလီမီတာထက် ပိုမြန်စွာနစ်မြုပ်နေပြီး ၁၆ ရာခိုင်နှုန်းက တစ်နှစ်လျှင် ၁၀ မီလီမီတာထက်ပိုပြီး နစ်မြုပ်နေကာ ခုလိုဖြစ်ရခြင်းမှာ မြေအောက်ရေထုတ်ယူမှု များပြားခြင်းကြောင့်သာမက မြို့ပြအသွင်ကူးပြောင်းရေးနဲ့ လူဦးရေတိုးပွားမှုကြောင့်ဖြစ်ပြီး တိုက်တာအဆောက်အအုံတွေကြောင့် ပတ်ဝန်းကျင်ရဲ့အလေးချိန်များ များပြားလာမှုတွေကြောင့်လည်း ပါဝင်ပါတယ်။

တရုတ်နိုင်ငံရဲ့မြို့ပြလူဦးရေဟာ သန်း ၉၀၀ ကျော်ရှိနေပြီဖြစ်တာကြောင့် “တရုတ်ပြည်ရှိ မြေနေရာအနည်းငယ်လေးကတောင် မြို့ပြလူနေမှုဘဝအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပြောင်းလဲနိုင်တယ်” လို့ သုတေသီအဖွဲ့က ပြောကြားခဲ့ပါတယ်။

မြေမျက်နှာပြင် နိမ့်ကျကျွံဝင်မှုတွေကြောင့် တရုတ်နိုင်ငံဟာ နှစ်စဉ် ယွမ် ၇ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၀၄ ဘီလျံ) ဆုံးရှုံးခဲ့သလို လာမဲ့ရာစုနှစ်အတွင်း ကမ်းရိုးတန်းမြေရဲ့လေးပုံတစ်ပုံနီးပါးဟာ ပင်လယ်ရေမျက်နှာပြင်အောက်နိမ့်ကျသွားနိုင်ပြီး သန်းရာနဲ့ချီတဲ့ လူတွေကို ရေလွှမ်းမိုးမှုအန္တရာယ် ပိုဖြစ်စေနိုင်နေပါတယ်။

ပြဿနာက တရုတ်မှာတင် မဟုတ်ဘဲ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ သီးခြားလေ့လာမှုတစ်ခုအရ ကမ္ဘာတဝှမ်းရှိ မြေဧရိယာ စတုရန်းကီလိုမီတာ ၆ ဒသမ ၃ သန်း (စတုရန်းမိုင် ၂ ဒသမ ၄ သန်း) ဟာ အန္တရာယ်ရှိနေတယ်လို့ သိရပါတယ်။ အဆိုးဆုံးနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားပါဝင်ပြီး မြို့တော် ဂျကာတာရဲ့ အစိတ်အပိုင်း အတော်များများဟာ အခုကတည်းက ပင်လယ်ရေမျက်နှာပြင်အောက် နိမ့်ကျနေပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *