သောင်းကျန်းသူများကို ငါးလအတွင်း လေကြောင်းမှ ၅၈၈ ကြိမ်တိုက်ခိုက်ရာတွင် ငါးပုံတစ်ပုံက AA ကို တိုက်ခိုက်

၁၉. ၄. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံနယ်စပ်ရှိ လူမျိုးစုသူပုန်တွေကို တိုက်ခိုက်နှိမ်နင်းတဲ့စစ်ဆင်ရေးတွေမှာ မြေပြင်ရှိဆုံးရှုံးသွားတဲ့နေရာတွေကို ရုရှားနိုင်ငံလုပ် တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့လေကြောင်းမှတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုခဲ့တယ်လို့ Nikkei Asia သတင်းဌာနက ဧပြီလ ၁၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ဧပြီလဆန်းပိုင်းကဆိုရင် မြန်မာ့တပ်မတော်(လေ)မှ လေကြောင်းတိုက်ခိုက်မှုနဲ့ ထောက်ပံ့ပို့ဆောင်မှုတွေ အတွက် နှစ်ရက်အတွင်း ပျံသန်းမှုခရီးစဉ် ၂၁ ကြိမ်ပြုလုပ်ခဲ့တယ်လို့ နယ်စပ်ရှိထိုင်းစစ်ဖက်အရာရှိတွေက ပြောခဲ့တယ်လို့ သိရပါတယ်။

ဒီလို မြန်မာ့တပ်မတော်(လေ)ရဲ့ လေကြောင်းမှ ပျံသန်းတိုက်ခိုက်မှုတွေမှာ ရုရှားနိုင်ငံလုပ် လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကိုအသုံးပြုခဲ့ကြတယ်လို့လည်း သတင်းတွေကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေမှာ MIG-29 တိုက်လေယာဉ်တွေနဲ့ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို အသုံးပြုခဲ့သလို ရုရှားနိုင်ငံလုပ် Yak-130 အမောင်းသင်တိုက်လေယာဉ်တွေနဲ့ တပ်တော်ဝင်ထားတာ သိပ်မကြာသေးတဲ့ Su-30 ဘက်စုံသုံးတိုက်လေယာဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အမေရိကန်အခြေစိုက် Armed Conflict Location and Event Data Project အဖွဲ့ကတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ မြန်မာ့တပ်တော်(လေ)က လက်နက်ကိုင်သောင်းကျန်းသူအုပ်စုတွေကို လေကြောင်းတိုက်ခိုက်မှု ၅၈၈ ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီထဲက ငါးပုံတစ်ပုံကတော့ အေအေ လက်နက်ကိုင်တွေကို တိုက်ခိုက်ခဲ့တာလို့လည်း အဆိုပါလေ့လာချက်ကဆိုပါတယ်။

အခုလို ရုရှားလုပ်စစ်လေယာဉ်တွေကို အသုံးပြုနေတဲ့ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား စစ်ဖက်ဆက်ဆံမှုတွေက မြန်မာနိုင်ငံမှာ နစကအစိုးရ အာဏာရရှိပြီးနောက်မှာ ပိုလို့မြင့်မားလာခဲ့ပါတယ်။ ရုရှားအနေနဲ့ မြန်မာနိုင်ငံကို စစ်ရေးအထောက်အပံ့တွေတိုးပေးလာတာက မြန်မာအစိုးရအနေနဲ့လည်း တရုတ်ရဲ့ လွှမ်းမိုးမှုအောက်က လွတ်မြောက်ချင်တဲ့အကြောင်းက တစ်စိတ်တစ်ပိုင်းပါလိမ့်မယ်လို့ ရန် ကုန်မြို့ရှိ နိုင်ငံရေးအကဲဖြတ်တစ်ဦးက Nikkei Asia သတင်းစာကို ပြောခဲ့ပါတယ်။

ဘရပ်ဆဲလ်အခြေစိုက်၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး သုံးသပ်အကြံပေးအဖွဲ့ဖြစ်တဲ့ International Crisis Group မှ အဆင့်မြင့်ရုရှားနိုင်ငံသားအကဲဖြတ်တစ်ဦးဖြစ်တဲ့ အိုလက် အစ်နာ တော့ဗ် က လည်း ရုရှားအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးတည်ဆောက်မှုတစ်ရပ်ကို သဘောတူခွင့်ပြုထားပြီးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အိုလက် အစ်နာ တော့ဗ်က “ရုရှားအနေနဲ့ နိုင်ငံအများအပြားနဲ့ မတူညီတဲ့ စစ်ဖက်လက်နက်ဆိုင်ရာ သဘောတူစာချုပ်တွေရှိပါတယ်။ မြန်မာနိုင်ငံနဲ့လည်း အဓိကအနေနဲ့ လေကြောင်းပျံသန်းမှု၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ တချို့ စစ်သုံးယာဉ်တွေဆိုင်ရာ သဘောတူညီချက်တွေရှိပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးက စစ်ဖက်ဆက်ဆံရေးကို အခြေပြုတဲ့ လုံခြုံရေးဆိုင်ရာဆက်ဆံရေးတွေက အဓိကပါ” လို့ပြောခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံသို့ထောက်ပံ့ရောင်းချခဲ့တဲ့ စစ်ဖက်လက်နက်တွေရဲ့ ၄၃ ရာခိုင်နှုန်းက တရုတ်နိုင်ငံမှဖြစ်ပြီး ၄၁ ရာခိုင်နှုန်းက ရုရှားနိုင်ငံမှဖြစ်တယ်လို့လည်း ဆွီဒင်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး သုံးသပ်အကြံပေးအဖွဲ့ ဖြစ်တဲ့ SIPRI မှလေ့လာသူတစ်ဦးကလည်း ပြောခဲ့ပါတယ်။

လက်ရှိအကျပ်အတည်းအခြေအနေမှာတော့ သောင်းကျန်းသူလက်နက်ကိုင်နဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ တစ်ပြိုင်တည်းတိုက်ခိုက်မှုကို ရင်ဆိုင်ရာမှာ မြန်မာအစိုးရအဖို့ လေကြောင်းတိုက်ခိုက်မှုတွေက ထိရောက်တဲ့နည်းလမ်းတွေဖြစ်နေရပါတယ်။

Ref- Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *