၁၉. ၄. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မင်းဘူရီခရိုင်ရှိ ကွန်ဒိုမီနီယံတစ်ခုက ဘုံပိုင်ရေရဲ့ အရောင်နဲ့ အနံ့တွေ ပြောင်းလဲမှုကြောင့် ခေါင်မိုးပေါ်က ရေတိုင်ကီကို စစ်ဆေးခဲ့ရာ ရေတိုင်ကီထဲမှာ သေဆုံးနေတဲ့ မြန်မာအမျိုးသားတစ်ဦးကို ဒီနေ့ နံနက်အစောပိုင်းက တွေ့ရှိခဲ့တယ်လို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား အောင်ဆုမြတ် ဆိုသူဖြစ်ပြီး ကွန်ဒိုတိုက်ခန်း စတုတ္ထထပ်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ သူရဲ့ အနီရောင်လုံချည်က ရေတိုင်ကီအောက်ခြေမှာ ရှိနေပြီး သေဆုံးနေတဲ့ သူ့ကိုတော့ တိုင်ကီထဲမှာ အဝတ်ဗလာနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Thai PBS ရဲ့အဆိုအရ အောင်ဆုမြတ်ဟာ ပျောက်ဆုံးမသွားမီ ဧပြီလ ၁၇ ရက်က သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အိမ်ခေါင်မိုးပေါ်မှာ အရက်သောက်ခဲ့တယ်လို့ သိရသလို ည ၁၁ လောက်မှာတော့ အောင်စုမြတ်က သမီးဖြစ်သူနဲ့သာ အိမ်ခေါင်မိုးပေါ်မှာ ကျန်ခဲ့ပြီး သူတို့က ပြန်လာခဲ့ကြတယ်လို့ သူငယ်ချင်းတွေက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပါတယ်။

အသက်ခြောက်နှစ်အရွယ် သမီးဖြစ်သူကလည်း အောင်ဆုမြတ်ဟာ ပူတယ်လို့ဆိုကာ ရေကန်ထဲကို ခုန်ချခဲ့ကြောင်း ပြောခဲ့ပြီး အဲ့ဒီနောက် သူဟာ ရေတိုင်ကီထဲကထွက်လာကာ နေလို့မကောင်းဘူးလို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ပိုင်းမှာ သမီးဖြစ်သူက အိမ်ခေါင်မိုးပေါ်ကနေ ထွက်သွားကာ အောင်ဆုမြတ်ကို တစ်ယောက်တည်း ထားခဲ့ခြင်းဖြစ်ရာ သူဟာ ရေကန်ထဲပြန်ဝင်ချိန် အရက်မူးနေတာကြောင့်နဲ့ ကြွက်တက်တာကြောင့် ရေနစ်တာဖြစ်နိုင်တယ်လို့ သူ့မိသားစုက သံသယရှိနေကြပါတယ်။

သေဆုံးသူရဲ့ဇနီးသည်ဟာ ခင်ပွန်းက ဧပြီလ ၁၇ ရက် ဗုဒ္ဓဟူးနေ့ကတည်းက ပျောက်ဆုံးနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သူမဟာ နေရာတိုင်းမှာ ရှာဖွေနေခဲ့သလို စိတ်ပျက်အားငယ်မှုနဲ့အတူ အမျိုးမျိုးသော သဘာဝလွန်နတ်တွေဆီမှာလည်း ဆုတောင်းခဲ့တယ်လို့ ဆိုပါတယ်။

ThaiRath ရဲ့အဆိုအရ ကွန်ဒိုမီနီယံမှာ နေထိုင်သူအများစုဟာ အနီးနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ သိရပြီး တချို့သော ဒေသခံတွေက သေဆုံးသူဟာ တိုင်ကီထဲကို ဝင်ရောက်ခဲ့ခြင်းအတွက် အပြစ်တင်နေကြပေမဲ့ တချို့က အလောင်းကို မတွေ့ရှိချိန်ထိတိုင်အောင် အဲ့ဒီတိုင်ကီထဲက ရေကို အသုံးပြုခဲ့ကြတာကြောင့် ရွံရှာကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

အခင်းဖြစ်ပွားရာနေရာကို မင်းဘူရီမြို့မရဲစခန်းက တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးရခြင်းအကြောင်းရင်းကို သိရှိနိုင်ဖို့ ရင်ခွဲစစ်ဆေးနိုင်အောင် အလောင်းကို ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *