၁၈. ၄. ၂၀၂၄
Written by Thettant

ပထမအကျော့ အိမ်ကွင်းမှာကတည်းက ချန်ပီယံလိဂ်သမ္ဘာရင့်ဘိုင်ယန်ကို အနိုင်မကန်နိုင်ခဲ့တဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရသလို နို့ဘူးအသင်းမန်စီးတီးကလည်း အိမ်ကွင်းကြီးမှာ နောက်ကလိုက်ကစားရင်း အနိုင်ဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်လ်တီမှာရှုံးပြီး ရီးရဲကို ဆီမီးဖိုင်နယ်ဆီ တက်ခွင့်ပေးလိုက်ရလို့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဟာ ပရီးမီးယားလိဂ်အသင်းတွေ တစ်သင်းမှမပါတော့လို့ မျက်နှာငယ်နေရပြီဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဘိုင်ယန်ဟာ အာဆင်နယ်ကို အနိုင်မခံအပိုင်ကန်နေတာနဲ့ အတွေ့အကြုံပိုင်းအားနည်းတာ အဆုံးသတ်ပိုင်းအားနည်းတာတချို့ရယ် ဘိုင်ယန်နောက်တန်းက ကောင်းလွန်းနေတာကြောင့် ရတဲ့အခွင့်အရေးအနည်းငယ်ကို ဂိုးအဖြစ်မပြောင်းနိုင်ချိန်မှာ ပွဲချိန် ၆၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဂူရဲရိုးဖြတ်တင်ပေးတာကို အာဆင်နယ်က လူ ၉ ယောက်ပိတ်ထားတဲ့ကြားက ကင်မစ်ချ်က ခေါင်းတိုက်သွင်းသွားခဲ့တာပါ။ ဒီဂိုးကြောင့် အာဆင်နယ်ဟာ ချန်ပီယံလိဂ်တစ်ခါမှမရဖူးတဲ့သူ့စံချိန်ကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

လက်ရှိချန်ပီယံ မန်စီးတီးဟာ ဒီနေ့ပွဲမှာတကယ့်ကိုကောင်းခဲ့ပြီး အနိုင်နဲ့ထိုက်တန်တယ်လို့ပြောရမှာဖြစ်ပေမဲ့ ဂိုးပေါက်ကို ၃၃ ကြိမ်ကန်သွင်းရာမှာ ၉ ကြိမ်ပဲဂိုးပေါက်တည့်ပြီး တစ်ဂိုးပဲရခဲ့တာက ပြဿနာဖြစ်ခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုတွေ၊ ဖြတ်တင်ဘောတွေအများကြီးနဲ့ ထောင့်ကန်ဘော ၁၈ ကြိမ်ရချိန်မှာ ရီးရဲကတော့ ဂိုးပေါက် ၈ ကြိမ်ပဲကန်နိုင်ပြီး ၃ ကြိမ်ဂိုးပေါက်တည့်တာကနေ ပွဲချိန် ၁၂ မိနစ်မှာ ရိုဒရီဂိုက နှစ်ဆင့်ကန်သွင်းပြီး အဖွင့်ဂိုးသွင်းသွားခဲ့တာပါ။ ဒီဂိုးကတော့ အီဒါဆင်မမှားပါဘူး။ ဂိုးရှေ့နားမှာ ပထမကန်ချက်ကိုပုတ်ထုတ်နိုင်ပေမဲ့ ဒုတိယအကြိမ်ဆင့်ကန်ခွင့်ရတာကိုတော့ သူလည်းဘယ်လိုမှမတားနိုင်ခဲ့ပါဘူး။ ပွဲကစားချိန် မိနစ် ၁၂၀ မှာ ရီးရဲက ထောင့်ကန်ဘော ၁ ကြိမ်ပဲရတဲ့အထိကို မန်စီးတီးတို့ အနိုင်ရဖို့ကြိုးစားခဲ့ပေမဲ့ သမ္ဘာရင့်ရီးရဲကတော့ ချန်ပီယံဖြစ်မဲ့အသင်းရဲ့သမ္ဘာမျိုးပြသနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေနဲ့ပဲ ကစားနေခဲ့တာကြောင့် ပွဲချိန် ၇၆ မိနစ်မှ ဒီဘရိုင်းက ချေပဂိုးကန်သွင်းနိုင်ခဲ့ပြီး ပင်နယ်လ်တီအဆုံးအဖြတ်အထိ ရောက်ခဲ့တာပါ။

ပင်နယ်လ်တီမှာတော့ မန်စီးတီးအရင်ကန်ခွင့်ရပြီး အယ်ဗာရက်ဇ်က အရင်ဂိုးဝင်ခဲ့ပြီး မိုဒရစ်ကန်တာ ကာကွယ်နိုင်ခဲ့တာကြောင့် မန်စီးတီးက အသာစီးရခဲ့တာပါ။ ဒါပေမဲ့လည်း မွဲချင်လို့ ပြာပုံဝပ်တဲ့မန်စီးတီးတို့ ချန်ပီယံလိဂ်ဘုရင်ကြီးသိမ်ငယ်သွားရမဲ့အစား သူတို့ကပဲအိမ်ကွင်းအီတီဟတ်ထ်မှာ ကြောက်အားပိုသွားပုံရပြီး ဘာနာဒိုဆေးလ်ဗားနဲ့ ကိုဗာချစ်တို့ကန်သွင်းမှုတွေ လူနင်က ကာကွယ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာ ဖိုဒန်နဲ့ အီဒါဆင်တို့ဂိုးဝင်ခဲ့ပေမဲ့ ရီးရဲလ်ဘက်ကတော့ ဘယ်လ်လင်ဟမ်၊ လူးကပ်ဘတ်စ်ကွက်၊ နာချို၊ ရူဒီဂါတို့ဂိုးတွေ အီဒါဆင်မကာကွယ်နိုင်ခဲ့တာကြောင့် ပိုကောင်းတဲ့ဂိုးသမားနဲ့ ပိုကောင်းတဲ့ ပင်နယ်လ်တီကန်သွင်းသူတွေရှိတဲ့ ရီးရဲက အနိုင်ရ၊ လက်စားချေသွားခဲ့သလို မန်စီးတီးအဖို့လည်း ပရီးမီးယားလိဂ်ဖလားကို ဖက်တွယ်နိုင်မှ ဖလားနှစ်လုံးပဲရမဲ့အဖြစ်ကို ရောက်သွားခဲ့ပါပြီ။

အခုဆို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဟာ ဒေါ့မွန်နဲ့ PSG ၊ ဘိုင်ယန်နဲ့ရီးရဲတို့ ဆုံတွေ့နေပြီး မနှစ်ကချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန်အသင်းတွေ ဆီမီးဖိုင်နယ်တောင်မတက်နိုင်ခဲ့တာမို့လို့ ပရီးမီးယားလိဂ်က မျက်နှာငယ်ခဲ့ရသလို ချန်ပီယံလိဂ်စည်းမျဥ်းသစ်မှာလည်း လိဂ်အဆင့်ကျလို့ အဆင့် (၅) အသင်းချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့သလို မျက်နှာသာရပါ့ဦးမလားဆိုတာ မရေမရာနဲ့ စောင့်ကြည့်ရဦးမဲ့အခြေအနေဖြစ်လာနေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *