April 30, 2024

၁၈. ၄. ၂၀၂၄
Written by Nay Moe

ရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF ခြောက်ဦး(စိစစ်ဆဲ)က သတ်ဖြတ်ပြီး နေအိမ်ရှိ လက်ကိုင်ဖုန်း ၃ လုံး၊ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေလက်ကောက် ၂ ကွင်းနှင့် သေတ္တာအတွင်းထည့်ထားသည့် ငွေကျပ်သိန်း ၄၀၀ နှင့် ဆိုင်ကယ် ၂ စီးတို့အား လုယက်ယူဆောင် သွားခဲ့သည့်ဖြစ်စဥ်နှင့် အခြား ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအပါအဝင် ပြည်သူ ၆ ဦး သင်္ကြန်အကြတ်နေ့က PDF များ၏ သတ်ဖြတ်လုယက်မှုခံခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ နံနက် ၆ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လျှော်တောင်ကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ လက်ခုပ်ပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဘိုထွန်း(၄၇)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိိနေစဉ် PDF အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နံနက် ၆ နာရီ ၃၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သဲကုန်း ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကျော်အောင်(၅၆)နှစ်သည် ၎င်း၏ နေအိမ်မှ ကျေးရွာရှိ မဟာဗောဓိဓမ္မသုခဘုန်းကြီးကျောင်းသို့ သွားရောက်စဉ် ဘုန်းကြီးကျောင်း အနီးအရောက် အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်သမားတစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး အထောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တင်းတိပ်ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလင်းအောင်(၃၂)နှစ်သည် ၎င်း၏နေအိမ်မှ မုံရွာ-မန္တလေးကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်ထွက်ခွာလာစဉ် “သစ္စာရှင်” ကြိမ်ပစ္စည်းဆိုင်အနီးအရောက် အကြမ်းဖက်သမားတစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့၍ ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များနည်းတူ ညနေ ၅ နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူး(မြို့ဟောင်း) ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုဟိန်းကျော်ဦး(၂၂)နှစ်သည် ကျေးရွာရှိ ဘုရားကြီးရေကန်၌ ရှိနေစဉ် PDF တစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့၍ ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ သံဘိုကျေးရွာ အနီး၌ ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အသက်(၃၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး(စိစစ်ဆဲ)အား မျက်နှာပုဆိုးစဖြင့် စည်းထားပြီး လက်နောက်ပြန်ကြိုးတုပ်လျက် ဓားဒဏ်ရာများဖြင့် လဲကျသေဆုံး နေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူအား တောင်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိ ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် ည ၉ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဆည်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရုံးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရာတင်(၅၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ကာ နေအိမ်ရှိ လက်ကိုင်ဖုန်း ၃ လုံး၊ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေလက်ကောက် ၂ ကွင်းနှင့် သေတ္တာအတွင်းထည့်ထားသည့် ငွေကျပ်သိန်း ၄၀၀ နှင့် ဆိုင်ကယ် ၂ စီးတို့အား လုယက်ယူဆောင် သွားခဲ့သဖြင့် ဦးရာတင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News