April 30, 2024

၁၇. ၄. ၂၀၂၄
Written by Nay Moe

အမရပူရမြို့နယ်ရှိ သာယာအေးကျေးရွာ ရာအိမ်မှူး၏ နေအိမ်ကို အမည်မသိလူ ၃ ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သွား၍ ပေါက်ကွဲမှုဖြစ်ကာ မိသားစုဝင် ၈ ဦး ထိခိုက်ဒဏ်ရာရရှိမှု ယနေ့ နှစ်ဆန်းတစ်ရက် ညပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့နှစ်ဆန်း ၁ ရက်နေ့(ဧပြီ ၁၇ ရက်)ည ၈ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဉယျာဉ်တော်ကျေးရွာအုပ်စု၊ သာယာအေးကျေးရွာ ရာအိမ်မှူး ဦး……..၏ နေအိမ်အား ရွာအလယ်လမ်းအရှေ့မှ အနောက်သို့ CZI ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုးသား ၃ ဦးက မောင်းနှင်ရောက်လာပြီး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ကာ နေအိမ်အတွင်း ထိုင်နေကြသော မိသားစုဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦးကို ဗုံးစများထိမှန်သွားသောကြောင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

” ည ၈ နာရီကျော်လောက်က အုံးဆိုပြီး အသံကြားလို့ထွက်ကြည့်တော့ ရာအိမ်မှူးအိမ် လက်ပစ်ဗုံးနဲ့ပစ်ခံရတယ်လို့ ကြားတယ်။ မိသားစုဝင် ၈ ယောက်တောင် ဗုံးစမှန်သွားတယ်။ ရာအိမ်မှူးကတော့ မထိဘူး။ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက်က ဗိုက်ကိုထိသွားတော့ စိုးရိမ်ရတယ်လို့ ဆေးရုံလိုက်ပို့တဲ့လူတွေဆီက ပြောသံကြားတယ်။ ကျန်တဲ့ ၅ ယောက်မှာ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၄ ယောက်ကတော့ ခြေလက်တွေလောက် ဗုံးစတွေထိမှန်ကုန်တော့ မစိုးရိမ်ရဘူးလို့ပြောတယ်။ အသက် ၅၀ ကျော် အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၁ ယောက်နဲ့ ကျန်တာ ၂၀ ကျော်တွေပဲဖြစ်တယ်။ အခုလိုရမ်းပစ်တော့ ဘာမှမသိနားမလည်တဲ့ မိသားစုတွေ နေရင်းထိုင်ရင်းနဲ့ အကုန်ဒဏ်ရာတွေရကုန်တော့တာပဲ။ ဘယ်သူ ဘယ်ဝါပစ်တယ်ဆိုတာတော့ တာဝန်ရှိသူတွေ စစ်ဆေးနေတုန်း” ဟု ရွာခံတစ်ဦးက MT News သတင်းဌာနထံ ဆက်သွယ်ကာ ယခုလိုပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှူကြောင့် မိသားစုဝင် ၃ ဦးဝမ်းဗိုက်ထိမှန်ကာ အသက်အန္တရာယ်စိုးရိမ်ရပြီး အခြား ၅ ဦးမှာမူ ခြေလက်တို့၌သာ ထိမှန်ခဲ့သဖြင့် မစိုးရိမ်ရကြောင်းသိရသည်။

ယင်းကဲ့သို့ အပြစ်မဲ့ပြည်သူများအားထိခိုက်အောင် လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ပေါက်သူ ၃ ဦးကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းစစ်ဆေးနေပြီး အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *