April 30, 2024

၁၇.၄.၂၀၂၄
Written by KL

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်-ပုသိမ်-မုံရွာလမ်း၊ မိုင်တိုင်အမှတ် (၀/၁)နှင့်(၀/၂)အကြားတွင် ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့) ညနေ ၄ နာရီ ၅၅ မိနစ်ခန့်က ဘုရားဖူးယာဥ်တစ်စီး တိမ်းမှောက်ရာမှ လိုက်ပါလာသူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အမျိုးသား ၆ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၅ ဦးလိုက်ပါလာသော ဘုရားဖူးမော်တော်ယာဥ်မှာ ကားဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်ပေါ်လိုက်ပါလူသူများအနက် အသက်၂၀ ကျော်မှ ၄၀ ၀န်းကျင်ကြားရှိသော အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦးတို့မှာ ထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ရာ အသက် ၂၈ နှစ် အရွယ် အမျိုးသမီးမှာ ဦးခေါင်း၊ နံရိုးကျိုးဒဏ်ရာများကြောင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာတွင် ပါဝင်သည့် သမ္မာဆန္ဒ လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ဘုရားဖူးကားက တောင်တွင်းကြီးမြို့နယ် မထီစံပြကျေးရွာကပါ။ မိသားစုတွေစုပြီး ဘုရားဖူးလာကြရင်း ဖြစ်တဲ့နေရာက အကွေ့လည်းရှိတော့ စလစ်ဖြစ်ပြီး အရှိန်နဲ့လမ်းဘေးကတ်တုံးတွေကို တိုက်ရင်း လမ်းဘေးကိုကျသွားတာ”ဟု သမ္မာဆန္ဒ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ယာဥ်တိမ်းမှောက်သော နေရာသို့ မင်းဘူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သမ္မဆန္ဒလူမှုကူညီရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့များ ပူးပေါင်းကာ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့​ပြီး ဒဏ်ရာရရှိသူများကို မင်းဘူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News