April 30, 2024

၁၇. ၄ .၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန်ဘုရားပွဲတော်ကိုလာတဲ့ ယာဉ်သုံးစီး ဆင့်တိုက်ရာက လူ ၂၂ ဦးဒဏ်ရာရခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဧပြီ ၁၇ ရက် နေ့လယ်ပိုင်းက အမှတ် ၄ လမ်းမပေါ် ရှိ ငါးကန်လမ်းထိပ်မှာ ဖြစ်ပွားခဲ့ပါတယ် ။

ဖြစ်စဥ်က ဒီနေ့ နေ့လယ် ၃ နာရီ ဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားဖူး Light Truck ယာဉ်က ယာဥ်ကြောရှုပ်ထွေးနေစဥ် ရှေ့ကယာဉ်ကို ကျော်တက်ရင်း မျက်ကွယ်က ထွက်လာတဲ့ ဘေးတွဲဆိုင်ကယ်ကို ရှောင်တိမ်းရာက တစ်ဖက်ယာဉ်ကျောပေါ်ရောက်ရှိပြီး တစ်ဖက်က Canter နဲ့ Bongo ယာဉ်တို့ကို ထပ်မံတိုက်မိခဲ့တာပါ။

ဖြစ်စဥ်ကို မြေပြင်အကူအညီရောက်ရှိလာတဲ့ ရွှေမေတ္တာလူမှုကူညီရေးအသင်း တာဝန်ရှိသူက “အမျိုးသမီး ၁၈ ဦး၊ အမျိုးသား ၄ ဦး၊ ဒဏ်ရာရသူစုစုပေါင်း ၂၂ ဦး၊ ပြင်းထန်ဒဏ်ရာ ရရှိသူမရှိပါဘူး။ ပေါက်ပြဲ သွေးထွက် ဒဏ်ရာတွေ တော့ရထားကြတယ်” လို့ MT News ကို ပြောပါတယ်။

ရွှေပြည်သာမြို့၊ သာဓုကန်ဘုရားပွဲတော်ကို နှစ်ဆန်းတစ်ရက်နေ့မှာကျင်းပလေ့ရှိပြီး ရွာဓလေ့အရ ရေပက်ကစားလေ့ရှိကြပါတယ်။ သာဓုကန်အတွင်း ငါးလွှတ်ခြင်း၊ ဘုရားပေါ်တွင် ဥပုသ်သီလဆောက်တည်သူတွေနဲ့ မြို့နယ်အစုံမှ ဘုရားဖူးများဖြင့် စည်ကားလေ့ရှိသလို သုံးနှစ်ဆက်တိုက် မစည်ကားခဲ့ရာက သည်နှစ်မှာတော့ ရေပက်ခံ ဘုရားဖူးယာဥ်တွေနဲ့ ပြန်လည်စည်ကားလာကာ ကန်အတွင်း ရေဆင်းကူးတာကိုတော့ သက်ဆိုင်ရာက ကြပ်မတ်နေတာလည်း တွေ့မြင်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News