၁၇. ၄ .၂၀၂၄
Photo and Writer Hey Mar

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ သာဓုကန်စေတီတော်ရဲ့ ဘုရားပွဲတော်ကို နှစ်စဥ်နှစ်တိုင်း မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။

ရှေးယခင်ကတည်းကရှိတဲ့ အလေ့အထ တစ်ခုဖြစ်တဲ့ အတာသင်္ကြန်ကာလအတွင်း ဥပုသ်သီလ ဆောက်တည်ကာ ရေပက်ကစားတာကို လူကြီး လူငယ် လုပ်လေ့မရှိဘဲ နှစ်ဆန်းတစ် ရက်နေ့မှသာ နှစ်ဟောင်းက အညစ်အကြေးတွေ စင်ကြယ်အောင် ရေပက်ကစားတာ၊ ကန်အတွင်း ရေချိုးဆင်းတာနဲ့၊ ငါးလွှတ် ကုသိုလ်ပြုတာတွေ ပြုလုပ်ကြတာလို့ လည်း ရှေ့မှီ နောက်မှီ လူကြီးသူမတွေက ရှင်းပြပါတယ်။

ခေတ်ကာလ ရွေ့လျားလာတာနဲ့အမျှ အတာသင်္ကြန် လေးရက်ပါမက နှစ်ဆန်းတစ်ရက်နေ့အထိ ငါးရက် ရေပက်ကစားရတယ်လို့ နားလည်မှု လွဲမှားကာ နယ်မြေအစုံကလူတွေနဲ့ စည်ကားလာတဲ့ ပတ်ဝန်းကျင်ကြောင့် ရွာဓလေ့လည်းပျောက်ပြီး ဘုရားပွဲဖြစ်မြောက်ရေးသာ လုံးပန်းကြတော့တယ်လို့ လည်း သိရပါတယ်။

ဒါပေမယ့် အနယ်နယ် အရပ်ရပ်က ဘုရားဖူးပြည်သူတွေကတော့ အတာသင်္ကြန်လေးရက်တာကာလပြီးရင် သာဓုကန် ဘုရားပွဲကို ဆက်လက် ပါဝင် ဆင်နွှဲဖို့အတွက် ရေပက်ခံကားတွေ သုံးဘီးဆိုင်ကယ်တွေနဲ့ ဒီနှစ်မှာ ပြန်လည် ထွက်လာခဲ့ကြပြီး ညနေခင်း ၃ နာရီကျော်ကနေ ၆ နာရီဝန်းကျင်အထိ ရွာလမ်းက တိုးမပေါက်အောင် စည်ကားနေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *