၁၇. ၄. ၂၀၂၄
Written by Thettant

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်ကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်မှာ ဒီနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်မှာ ကျင်းပနေပြီး ရဟန်းရှင်လူပြည်သူများစွာကို နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇ မဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက တရားရေအေးတိုက်ကျွေးနေပါတယ်။

သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ သီတဂူဆရာတော်ဘုရားကြီးဟာ ဒီနေ့ညမှာ သင်္ဂဇာဆရာတော်ဘုရားကြီးရေးသားတဲ့ စတုရာရက္ခကျမ်းအကျဥ်းကို ဟောကြားတော်မူပြီး ဒေါသအဖျက်စွမ်းအားတွေကို ထိန်းသိမ်းစောင့်ရှောက်မဲ့ တည်ဆောက်မဲ့စွမ်းအားအဖြစ်ပြောင်းလဲနိုင်ဖို့နဲ့ မေတ္တာနဲ့ ခန္တီစတရားကို လက်ကိုင်ထားကြဖို့ အကျဥ်းဟောပြောနေပါတယ်။

မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင်ကို ရဟန်းရှင်လူ ပြည်သူတွေအနေနဲ့ တရားနာကြွရောက်နိုင်သလို MRTV ကလည်း Live လွှင့်ပေးနေတဲ့အပြင် ဓမ္မပူဇာဒါနကုသိုလ် ပြုလိုသူများအတွက်လည်း အလှူခံဌာနဖွင့်လှစ်ပေးထားတာ တွေ့ရပါတယ်။ ငွေသားမပါသူတွေကိုလည်း KBZ Pay QR Code ချပေးထားသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွင့်လှစ်ထားတဲ့ KBZ Pay QR Code ကို Scan ဖတ်ပြီးလည်း “Myanmar Nit Thit Kuu Ah Hlu Khan” ဆီ လှူဒါန်းနိုင်မယ်လို့ သိရပါတယ်။

မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ကနေ နှစ်ဆန်း သုံးရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး နှစ်ဆန်းနှစ်ရက်နေ့ (၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့) မှာ မဇ္ဈိမဂုဏ်ရည် မဟာစည် သာသနာ့ရိပ်သာကြီးများ၏ ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒနဲ့နှစ်ဆန်းသုံးရက်နေ့(၂၀၂၄ ခုနှစ်၊ဧပြီလ ၁၉ ရက်နေ့)မှာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့ခွဲ (၇၇) ပဓာန နာယက ပြည်တွင်းပြည်ပ ကမ္ဘာဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရတို့က နေ့စဉ် ည (၇) နာရီအချိန်မှာ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးဟောကြားသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *