April 29, 2024

၁၅ .၄. ၂၀၂၄
Written by Hey Mar

သင်္ကြန်လည်ပတ်ပြီး ပြန်လာတဲ့ကား ဘီးပေါက်ပြီး မြောင်းထဲအရှိန်လွန်ထိုးကျတိမ်းမှောက်ရာက ယာဥ်နောက်မှာ လိုက်ပါစီးနင်းလာသူ အယောက် ၂၀ ကျော် ပြင်းထန်ဒဏ်ရာနဲ့ ပေါက်ပြဲပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဧပြီ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) နေ့လည် ၁၂ နာရီခွဲအချိန်က ကရင်ပြည်နယ် ၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

ဖြစ်စဥ်က လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့၊ ဘီစခတ်တောင်စွန်းကျေးရွာအုပ်စု ဘိစခတ်တောင်စွန်းရွာအနီးမှာ ဖြစ်ပွားခဲ့ပြီး Hilux Revo အမျိုးစားယာဥ် တိမ်းမှောက်ကာ လူနာ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိ​ခဲ့တာကို မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်က ဖြစ်စဥ်နေရာကို လူနာတင်ယာဥ်တွေ အမြန်ရောက်ရှိစေနိုင်ဖို့အတွက် နယ်မြေခံ လှိုင်းဘွဲ့မြို့နယ်အသင်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်ကူညီခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်မှ အတွင်းရေးမှူး ကိုခန့်ဇင်ဟန်က”သူတို့ သင်္ကြန်လည်ပြီး ပြန်လာတဲ့ကားပါ။ ဟိုင်းလပ်တွေက အကိုင်အတွယ်မပါတဲ့ ကားတွေ ဖြစ်နေတာကိုမှ အစီအစဥ်လုပ်ထားတာဘာမှမရှိဘူး။ လူကိုင်ဖို့ ကြိုးတားတာ ဝါးလုံးတားတာမျိုး လုပ်မထားဘူး။ မှောက်တဲ့အခါ ပြုတ်ကျတာ လွင့်ကျတာတွေကနေမှ ပြင်းထန်ဒဏ်ရာတွေ ရကုန်ကြတာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ဖြစ်စဥ်နေရာက လူနာ (၂၁)ဦးအနက် အနီရောင်အဆင့်လူနာကျား/မ (၁၀) ဦး၊ အဝါရောင်အဆင့်လူနာ (၄)ဦး အစိမ်းရောင်အဆင့်လူနာ (၇)ဦးကို ဘားအံပြည်သူ့ဆေးရုံဆီ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ရဲ့ အဖွဲ့ခွဲတွေဖြစ်တဲ့
ပေါင် ၊ နောင်ဘိုကြီး ၊ စိတ္တဝိဝေက ၊ ကစို ၊ ကျောင်တောင် ၊ ပတ်ကျော ၊ လှိုင်းဘွဲ ၊ ကော့သလော် တို့က သယ်ဆောင်လာပြီး ဘားအံဆေးရုံကြီးမှာ ဘားအံနဲ့ နောင်လုံ ၊ အုန်းတပင် ၊ သာမညတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *