April 30, 2024

၅. ၄. ၂၀၂၄
Written by Pan Ei

ဧပြီလ ၄ ရက် (ကြာသပတေးနေ့) က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ဖီဖာအဆင့်သတ်မှတ်ချက်တွေအရ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းဟာ အရင်လကထုတ်ပြန်ခဲ့တဲ့ အဆင့်ထက် တစ်ဆင့်ပိုမိုကျဆင်းခဲ့ပြီး ရမှတ် ၉၉၉ ဒသမ ၄၆ နဲ့ ကမ္ဘာ့အဆင့် ၁၆၃ မှာ ရပ်တည်နေကာ အာဆီယံဒေသတွင်းမှာတော့ အဆင့် ၇ နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

မြန်မာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲစဉ်တစ်ခုအဖြစ် မတ်လထဲမှာ ဆီးရီးယားအသင်းနဲ့ မကစားခဲ့ခင် ကမ္ဘာ့အဆင့် ၁၆၂ မှာ ရပ်တည်နိုင်ခဲ့ပေမဲ့ ပြိုင်ပွဲမှာ အနိုင်ပွဲကို စာရင်းမသွင်းနိုင်ခဲ့ဘဲ ဆီးရီးယားကို ပထမအကျော့ ၁ ဂိုးစီသရေ၊ ဒုတိယအကျော့မှာ ၇ ဂိုး ဂိုးမရှိ အရှုံး ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတာကြောင့် အခုလ ဧပြီမှာတော့ အဆင့် ၁ ဆင့် ကျဆင်းခဲ့တာဖြစ်ပါတယ်။

အခြားအရှေ့တောင်အာရှနိုင်ငံက ဘောလုံးအသင်းတွေရဲ့ နောက်ဆုံး ဖီဖာအဆင့်သတ်မှတ်ချက်တွေအရ ပထမနေရာမှာ ထိုင်းက ကမ္ဘာ့အဆင့် ၁၀၁ နဲ့ ရပ်တည်နေပြီး၊ သူ့နောက်မှာ ဗီယက်နမ်က အဆင့် ၁၁၅၊ အင်ဒိုနီးရှားက အဆင့် ၁၃၄၊ မလေးရှားက အဆင့် ၁၃၈၊ ဖိလစ်ပိုင်က အဆင့် ၁၄၁၊ စင်ကာပူက အဆင့် ၁၅၅၊ ကမ္ဘောဒီးယားက အဆင့် ၁၇၉၊ လာအိုက အဆင့် ၁၉၀၊ ဘရုနိုင်းက အဆင့် ၁၉၄ နဲ့ အရှေ့တီမောက အဆင့် ၁၉၈ တို့မှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလက နီပေါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲစဉ်မှာ နိုင်ပွဲရရှိခဲ့တာအပြင် မကာအိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲမှာ နိုင်ပွဲတွေရရှိခဲ့တာကြောင့် ရမှတ် ၁၀၁၂ မှတ်ရရှိခဲ့ကာ ၂၀၂၃ ခုနှစ်အတွင်းအမြင့်ဆုံးအဆင့်ဖြစ်တဲ့ ၁၅၈ ကို ရောက်ရှိခဲ့ပေမဲ့ နောက်ပိုင်းလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ၁၆၂ ကို ပြန်လည်ကျဆင်းခဲ့သလို အခုလမှာလည်း ရှုံးပွဲတွေနဲ့ ထပ်မံတွေ့ကြုံနေရတာကြောင့် တစ်ဆင့်ထပ်မံကျဆင်းခဲ့ကာ ကမ္ဘာ့အဆင့် ၁၆၃ မှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

Ref; FIFA Ranking
Photo: theaseanfootball

Leave a Reply

Your email address will not be published. Required fields are marked *