၅.၄.၂၀၂၄
Translated by Htwe Ko Tun

ကုလသမဂ္ဂအဖွဲ့၊ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အစည်းအဝေးတစ်ရပ်ကို ဧပြီလ ၄ ရက်ကကျင်းပခဲ့ရာမှာ ကုလသမဂ္ဂရဲ့ အဆင့်မြင့်အရာရှိတွေက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေတွေက များစွာဆိုးရွားနေတယ်လို့ ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ လုံခြုံရေးကောင်စီက ပထမဆုံးကျင်းပ ခဲ့တဲ့ တံခါးဖွင့် အစည်းအဝေးလို့လည်း ဆိုပါတယ်။

လုံခြုံရေးကောင်စီက ရှုပ်ထွေးနေတဲ့ လူ့အခွင့်အရေးနဲ့ စိုးရိမ်ဖွယ်လူသားချင်းစာနာထောက်ထားမှုကိစ္စတွေနဲ့အတူ ရခိုင်ပြည်နယ်အတွင်း စိုးရိမ်ဖွယ်အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ လုံခြုံရေးကောင်စီအရာရှိတွေကမြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအနေက နိုင်ငံဖြတ်ကျော်လုံခြုံမှုကို အားနည်းစေပြီး နိုင်ငံတွင်းတည်ငြိမ်မှုမရှိခြင်းကလည်း ကမ္ဘာလုံးဆိုင်ရာ ပါဝင်ပတ်သက်မှုတွေနဲ့အတူ အကျပ်အ တည်း အခြေအနေတစ်ရပ်ကို ဦးတည်စေမယ်လို့ ဆိုခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ မှာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာထိန်းသိမ်းပြီးနောက် အရပ်သားတွေကို တိုက်ခိုက်မှုတွေပြုခဲ့တဲ့အတွက် ရှုတ်ချတယ်လို့ဆိုခဲ့ပါတယ်။ ဒါ့အပြင်ဆုံးဖြတ်ချက်က နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ဖို့၊ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ပြန်လည်ဖွဲ့စည်းဖို့နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဆိုတာတွေလည်း တောင်းဆိုခဲ့ပါသေးတယ်။

ဒီ့နောက်မှာတော့ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေအပေါ် တစ်စုံတစ်ရာမပြောကြားဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။ ဧပြီလ ၄ ရက်က လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တံခါးဖွင့်အစည်းအဝေးကျင်းပမှုနဲ့ တစ်ရက်ထဲမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကလည်း ဂျီနီဗာမြို့မှာကျင်းပတဲ့အစည်းအဝေးကနေ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့ပါသေးတယ်။ အဲဒီ ဆုံးဖြတ်ချက်မှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့အထွေထွေညီလာခံတို့ကို လုံ‌ခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေး ပိုမိုအလေးထားဆောင်ရွက်ပေးသွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ဒီထက်ပိုပြီး တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ဒေသအတွင်းအားထုတ်မှုတွေနဲ့တင် မြန်မာနိုင်ငံအရေးဖြေရှင်းဖို့ လုံးလုံးလျားလျား ပြည့်စုံလုံလောက်မယ်လို့ မယူဆရပါဘူး။ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာတော့ မြန်မာ့တပ်မတော်အတွက် ဂျက်လေယာဉ်ဆီ ရရှိနေမှုကို တင်းကျပ်ဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒီတောင်းဆိုမှုကတော့ အမေရိကန်ရဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ တောင်းဆိုမှုကို သံယောင်လိုက်ခဲ့တာလို့ ဆိုရမှာပါ။

ဒါပေမယ့် လုံခြုံရေးကောင်စီရဲ့ အမြဲတန်းအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့က မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုပြုဖို့ ဒါမှမဟုတ် တခြားနည်းလမ်းတွေဆောင်ရွက်ဖို့အတွက် ဆန့်ကျင်လျက်ရှိကြပြီး အချေအတင်ဆွေးနွေးဖို့တောင် လက်မခံကြပါဘူး။မြန်မာနိုင်ငံရဲ့ အခြေအနေက လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်အတွင်း ရှိတယ်ဆိုတာကို နှစ်နိုင်ငံစလုံးက အငြင်းပွားမှုပြုနေပါတယ်။

နိဂုံးချုပ်ဆိုရရင်တော့ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအကျပ်အတည်းအခြေအနေကို ကူညီ ဆောင်ရွက်နိုင်မှု တစ်စုံ တစ်ရာမရှိဘူးဆိုတာ အခုလို ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်း အဝေးက မီးမောင်းထိုး ပြနေတာပဲလို့ဆိုကြပါတယ်။ တစ်နည်းအားဖြင့်တော့ မြန်မာနိုင်ငံအရေးအတွက် ချဉ်းကပ်ဆောင်ရွက်နိုင်ဖို့ လုံခြုံရေးကောင်စီရဲ့ကြိုးစားမှုတွေအကြား ပဋိပက္ခတွေဖြစ်ပွားနေဆဲလို့ ဆိုကြပါတယ်။

Ref- www.hrw.org

Leave a Reply

Your email address will not be published. Required fields are marked *