၃၀. ၃. ၂၀၂၄
Written by Thettant

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုနိုင်အောင် အကြမ်းဖက်သောင်းကျန်းသူတွေက နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ခံခဲ့ရတဲ့ ဒေသတွေက ကျောင်းသား၊ ကျောင်းသူတွေကို အထူးအစီအစဥ်နဲ့ စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ပေးမှာဖြစ်ပြီး အဲဒီစာမေးပွဲတွေကိုတော့ ဧပြီ ၂၉ ရက်နေ့ကနေ မေလ ၆ ရက်အထိ ဖြေဆိုခွင့်ပြုသွားမှာပါ။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 12 ကျောင်းသား၊ ကျောင်းသူတွေဟာ တက္ကသိုလ်ဝင် စာမေးပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်ကစတင်ပြီး မတ်လ ၁၉ ရက်အထိ နိုင်ငံတဝှမ်းက စာစစ်ဌာနအသီးသီးမှာ ဖြေဆိုခဲ့ကြပေမဲ့လည်း လူဦးရေ ၁၈၀၀၀ နီးပါးက လက်နက်ကိုင်အကြမ်းဖက်တွေနဲ့ PDF တွေကြောင့် ဖြေဆိုခွင့်ဆုံးရှုံးခဲ့တာကို ပြန်လည်ကုစားပေးတာလည်းဖြစ်ပါတယ်။

ပြန်လည်ကုစားဖြေဆိုခွင့်ပေးမဲ့အစီအစဥ်အရ ဧပြီ ၂၉ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ မြန်မာစာ၊ ဧပြီ ၃၀ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ အင်္ဂလိပ်စာ၊ မေလ ၂ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ သင်္ချာ၊ မေလ ၃ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ ဓာတုဗေဒ/ပထဝီ၊ မေလ ၄ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ ရူပဗေဒ/သမိုင်း၊ မေလ ၆ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ ဇီဝဗေဒနဲ့ ဘောဂဗေဒတို့ကို ဖြေဆိုရမှာပါ။

အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ကျင်းပပေးမဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ် (တောင်၊ မြောက်၊ အရှေ့) အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်က နေရာ ၁၇ ခုတို့မှာ စာစစ်ဌာနပေါင်း ၂၇ ခုဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ အဲဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဖော်ပြထားတဲ့ စာစစ်ဌာနတွေထဲက မိမိဖြေဆိုလိုတဲ့ စာစစ်ဌာနမှာ ဧပြီလ ၁၂ ရက်နေ့နောက်ဆုံးထားပြီး သတင်းပေးပို့ စာရင်းသွင်းကြရမှာဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ မတ်လ ၁၉ ရက်မှာသိပ္ပံ၊ ဝိပ္ပံနဲ့ ဝိဇ္ဇာဘာသာတွဲ ဖြေဆိုမှုအားလုံး အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို ဖြေဆိုဖို့ စာရင်းပေးသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ရှိတဲ့အနက် လာရောက်ဖြေဆိုသူ ၁၂၈,၆၃၅ ဦးရှိတဲ့အတွက် ဖြေဆိုသူဦးရေ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News