ရေနံနှင့် သဘာဝဓာတ်ငွေ့ကို တရုတ်နှင့်ထိုင်းသို့ရောင်းချနေသော်လည်း ရရှိလာသည့်ငွေကြေးများ သုံးစွဲမရအောင် လုပ်ဆောင်ခံခဲ့ရဟုပါ ဖွင့်ဟ

၂၉. ၃. ၂၀၂၄
Written by Tha Doe

အစိုးရအဆက်ဆက်ချေးယူခဲ့တဲ့ ပြည်ပချေးငွေတွေကို SAC အစိုးရအဖွဲ့ သုံးနှစ်တာကာလအတွင်း ဒေါ်လာ ၂ ဒသမ ၂ ဘီလျံအထိ ပြန်လည်ပေးဆပ်နိုင်ခဲ့တယ်လို့ ဒီနေ့ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၂/၂၀၂၄)မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။

နိုင်ငံရေးအရ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများစွာပြုလုပ်ခဲ့သလို မြေအောက်ထွက်ကုန်ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဆီ တင်ပို့နိုင်ခဲ့ပေမဲ့လည်း ရရှိတဲ့ ငွေကြေးတွေ သုံးစွဲ၍မရအောင်ပြုလုပ်ခဲ့ကြတယ်လို့လည်း SAC ဥက္ကဋ္ဌက ဒီနေ့မှာ ဖွင့်ဟလာပါတယ်။

ဒီလို အခက်အခဲတွေကြားက နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ တိုးတက်အောင်ဆောင်ရွက်နိုင် ခဲ့သလို ပြည်ပကြွေးမြီတွေကို ၃ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီး ပြန်ဆပ်ငွေအများစုကလည်း အရင် အစိုးရအဆက်ဆက် ချေးယူခဲ့တဲ့ အရင်းငွေတွေဖြစ်တယ်လို့ SAC ဥက္ကဋ္ဌက ပြောကြားပါတယ်။

အရင် NLD အစိုးရဟောင်းက ဦးသိန်းစိန်ရဲ့ USDP အစိုးရလက်ထက် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အကုန် အာဏာလွှဲပြောင်းရယူချိန် ပြည်တွင်းပြည်ပကြွေးမြီက ကျပ်၂၇၉၇၀ ဘီလျံသာရှိပေမဲ့လည်း NLD အစိုးရအဖြစ်က ​ဖြုတ်ချခံရပြီးချိန် ၂၀၂၀- ၂၀၂၁ နှစ်အကုန်မှာ ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၅၈၂၅၆ ဘီလျံကျော်အထိ မြင့်တက်လာခဲ့ပြီး NLD အစိုးရဟောင်းချေးခဲ့တဲ့ ပြည်တွင်းပြည်ပကြွေးမြီက ကျပ် ၃၀၂၈၆ ဘီလျံကျော်ရှိတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ Citizen’s Budget အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *