၂၉. ၃. ၂၀၂၄
Written by Thettant

ပြည်တွင်းအခေါက်ရွှေစျေးဟာ ဒီမနက်က တစ်ကျပ်သား ကျပ် ၄၄၆၀၀၀၀ နဲ့ ဖွင့်လာခဲ့ပြီး ညနေစျေးပိတ်ချိန်မှာ တစ်ကျပ်သားကို ကျပ် ၄၅၄၀၀၀၀ နဲ့စျေးပိတ်သွားခဲ့ပြီး ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် စံချိန်တင်မြင့်တက်လာသလို ဒေါ်လာစျေးကလည်း တစ်ဒေါ်လာ ကျပ် ၃၉၀၀ ခန့်အထိ မြင့်တက်လာနေတယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။

မတ်လဆန်းမှာ တစ်အောင်စ ၂၀၄၆ ဒေါ်လာပဲရှိခဲ့တဲ့ ကမ္ဘာ့ရွှေစျေးဟာ ဒီနေ့မှာ ၂၂၃၃ ဒေါ်လာအထိ ခုန်တက်လာခဲ့ပြီး ကမ္ဘာ့ရွှေစျေးနည်းတူ ပြည်တွင်းရွှေစျေးကလည်း မတ်လဆန်းမှာ တစ်ကျပ်သား ကျပ် ၃၉ သိန်းကနေ တစ်လမပြည့်ခင် ရွှေတစ်ကျပ်သား ကျပ် ၆၅၀၀၀၀ လောက်ခုန်တက်လာခဲ့တာပါ။

ဒေါ်လာစျေးဟာလည်း မတ်လဆန်းမှာ တစ်ဒေါ်လာ ၃၆၂၀ ဝန်းကျင်ကနေ ဒီနေ့မှာ ကျပ် ၃၉၀၀ ခန့်အထိဖြစ်လာခဲ့ပြီး တစ်လအတွင်း ကျပ် ၃၀၀ နီးပါးမြင့်တက်လာတာတွေ့ရပါတယ်။

ဗဟိုဘဏ်အနေနဲ့ စျေးကွက်ထဲကို ဒေါ်လာအပါအဝင် နိုင်ငံခြားငွေရောင်းချပေးတာ၊ စျေးကွက်ထဲက သတ်မှတ်စည်းမျဥ်းမလိုက်နာတဲ့ Money Changer တွေကို စောင့်ကြည့်အရေးယူတာ၊ ဒေါ်လာစျေး၊ ရွှေစျေးဆွဲတင်နေသူတွေ အရေးယူနေတဲ့ကြားက ဆက်တိုက်မြင့်တက်လာနေတာဖြစ်ပါတယ်။

“ရွှေစျေးတက်တာက အဓိက စျေးဆွဲတင်တာနဲ့ ကမ္ဘာ့ရွှေစျေးတက်တာကြောင့်လည်းပါတာပေါ့။ နောက်ပြီး စစ်မှုထမ်းဥပဒေထွက်အပြီးမှာ လူငယ်တွေပြည်ပအရမ်းထွက်ကြသလို တချို့မိသားစုလိုက် ထိုင်းကိုပြောင်းရွှေ့ဖို့ ဒီကပိုင်ဆိုင်မှုတွေရောင်း။ ဒေါ်လာတွေ၊ ထိုင်းဘတ်တွေ ဝယ်ကြတာလည်းရှိတယ်။ ဒီတော့ အဲဒီဝယ်လိုအားက ဒီကာလမှာ အရမ်းများနေတော့ ဒေါ်လာစျေး၊ ဘတ်စျေးတွေက ခုန်တက်နေတဲ့အခြေအနေဖြစ်လာနေတယ်”လို့ ရွှေနဲ့ဒေါ်လာစျေးကွက်စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုပါတယ်။

ရွှေစျေးဟာ တစ်ကျပ်သား ၄၅၄၀၀၀၀ အထိ မြင့်တက်လာခဲ့ပေမဲ့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သား ၃၈၁၁၀၀၀ ပဲ စျေးဖွင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ရွှေဆိုင်တွေအနေနဲ့ ရည်ညွှန်းစျေးအောက် အရောင်းအဝယ်မလုပ်ရင် ရပ်ထားဖို့သတိပေးခဲ့ပေမဲ့လည်း ဒီအမြင့်စျေးမှာ ရွှေဆိုင်တွေက အဝယ်ရပ်ပြီးအရောင်းပဲဖွင့်တာမျိုးလုပ်ကြသလို တချို့ကလည်း အရောင်းအဝယ်ရပ်ထားတဲ့အခြေအနေမျိုး တွေ့ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News