အလောင်းထုတ်ယူမခံဘဲ လျော်ကြေးရဖို့ မြန်မာလုပ်သားတွေဝိုင်းဝန်းဆန္ဒပြတာကြောင့် တစ်ဦးလျှင် ဘတ် ၁ ဒသမ ၆ သန်းစီလျော်ကြေးရ

၃၀. ၃. ၂၀၂၄
Translated by Thettant

ထိုင်းနိုင်ငံ၊ ရယောင်းပြည်နယ်၊ ပလက်ဒိန်း (Plauk Daeng)ခရိုင်မှာရှိတဲ့ ရှင်ကီယွန်(Xin Ke Yuan) သံမဏိစက်ရုံမှာ မနေ့က ညနေပိုင်းမှာ ကရိန်းပြိုကျတာကြောင့် မြန်မာလုပ်သား ၆ ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးကတော့ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။

မျက်မြင်သက်သေတွေပြောဆိုမှုအရ ကရိန်းကို အလုပ်သမား ၇ ဦးက အလုပ်လုပ်ဖို့သယ်လာချိန် ချော်ကျသွားတာဖြစ် မြေပြင်အထက် မီတာ ၁၀၀ လောက်ကပြုတ်ကျလို့ သယ်လာသူတွေပါပြုတ်ကျရာက ၆ ဦး ချက်ခြင်းသေဆုံးခဲ့ရတာပါ။

ရှင်ကီယွန်သံမဏိစက်ရုံမှာ မြန်မာလုပ်သားအများအပြားရှိပြီး သူတို့ကချက်ခြင်းပဲ စက်ရုံပိုင်ရှင်ကို မြန်မာလုပ်သားတစ်ဦးစီအတွက် ဘတ်ငါးသန်းစီလျော်ကြေးပေးဖို့နဲ့ ကယ်ဆယ်ရေးသမားတွေကိုလည်း အလောင်းတွေသယ်ခွင့်မပေးဘဲ ပိတ်ဆို့ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။ ကုမ္ပဏီဘက်က တစ်ဦးဘတ် ၅ သိန်းလျော်ကြေးပေးဖို့ ကနဦးသဘောတူခဲ့ပေမဲ့ မြန်မာလုပ်သားတွေကတော့ တစ်ဦးဘတ်ငါးသန်းလျော်ကြေး ချက်ခြင်းပေးဖို့နဲ့ အားလုံးအတွက်ပေးဖို့ပဲ တောင်းဆိုခဲ့ကြတာပါ။

အလုပ်သမားတွေ တောင်းဆိုဆန္ဒပြနေချိန်မှာ သေဆုံးသွားတဲ့အလုပ်သမားခုနစ်ဦးရဲ့ မိသားစုဝင်တွေရောက်ရှိလာကြသလို ပူဆွေးပေါက်ကွဲမှုတွေ စတင်လာချိန်မှာပဲ ရနောင်းအာဏာပိုင်တွေရောက်ရှိလာကြပြီး ရုပ်အလောင်းခြောက်ခုကို သယ်ဆောင်ပေးမဲ့ လူနာတင်ယာဥ်လေးစီးကို ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ညှိနှိုင်းမှုစတင်ကြပါတယ်။ ညှိနှိုင်းမှုဖြစ်စဥ်မှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်စဥ်တချို့ရှိတာကြောင့် ကားမှန်တစ်ချပ်ကွဲခဲ့ပါသေးတယ်။

အရင်ကလည်း ရှင်ကီယွန်သံမဏိစက်ရုံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ဖူးပြီး အဲဒီလုပ်သားအတွက် လျော်ကြေးပေးဖို့ငြင်းဆိုတာကြောင့် ဒီတစ်ကြိမ်မှာပေးမယ်ဆိုတာကို အလုပ်သမားတွေဘက်က မယုံကြည်ကြသလို အခင်းဖြစ်စဥ်နေရာကို စစ်ဆေးပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ည ၁၁ နာရီမှာတော့ မြန်မာအလုပ်သမားသမဂ္ဂ၊ WAG၊ ရနောင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ သေဆုံးသူမိသားစုဝင်တွေ၊ ပလက်ဒိန်းခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ရှင်ကီယွန်စက်ရုံပိုင်ရှင်တို့ မျက်နှာစုံညီညှိနှိိုင်းမှု စတင်ခဲ့ပြီး တစ်နာရီကျော်ညှိနှိုင်းအပြီးမှာ သေဆုံးရရှာသူတွေအတွက် တရားဝင်လျော်ကြေးက တစ်ဦးစီတိုင်းအတွက် ဘတ် ၁ ဒသမ ၆ သန်းစီလျော်ကြေးပေးဖို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စက်ရုံက စျာပနာကုန်ကျစရိတ်အားလုံးအတွက် သေဆုံးသူတစ်ဦး ဘတ်ငါးသိန်းအထိပေးမှာဖြစ်ပြီး ကျန်ငွေတွေကိုတော့ သုံးလအတွင်းလျော်ကြေးပေးဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။

နောက်ဆုံးသဘောတူညီချက်ကို အလုပ်သမားသမဂ္ဂတွေက သေဆုံးသူ ၇ ဦးအတွက် ဆန္ဒပြနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ရှင်းပြချိန်မှာတော့ ဘဝတူလုပ်သားတွေအတွက် တိုက်ပွဲဝင်ဆန္ဒပြနေတဲ့ မြန်မာလုပ်သားတွေက သဘောတူလက်ခုပ်တီးခဲ့ကြပြီး ပိတ်ဆို့ထားတဲ့ကားလေးစီးကို လမ်းရှင်းပေးခဲ့ကြလို့ သေဆုံးသူတွေကို ဒီနေ့မနက်ပိုင်း သန်းခေါင်ကျော်အချိန်မှာ ပလက်ဒိန်းဆေးရုံဆီ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref,Khaosod

Leave a Reply

Your email address will not be published. Required fields are marked *

Related News