April 28, 2024

၂၉. ၃. ၂၀၂၄
Written by Thettant

One Fight မှာ စိုးလင်းဦးက Fabio Sensational Reis လို့ အမည်ပြောင်ရထားတဲ့ ဖေဘီယိုနဲ့ ထိုးသတ်ရမှာပါ။ ပေါ်တူဂီနိုင်ငံသား ဖေဘီယိုဟာ One ရဲ့မှတ်တမ်းတွေမှာတော့ သူက နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ်ရထားပေမဲ့လည်း သူနိုင်ခဲ့တဲ့ပွဲတွေက အလဲထိုးနဲ့ဖြစ်ပြီး သူရှုံးခဲ့တာတွေက အမှတ်နဲ့ဖြစ်လို့ One မှာ လက်စွမ်းကောင်းတဲ့ ဖိုက်တာလို့ ပြောရမဲ့အပြင် အသက်ကလည်း ၂၆ နှစ်အရွယ်သာရှိသေးပြီး စိုးလင်းထက် တစ်လက်မလည်းပိုမြင့် မာဂုဏ်လည်းရှိတဲ့ ဖိုက်တာတစ်ယောက်ဖြစ်လို့ Man of Steel လို့ One က ပထမဆုံးပွဲတင် အမည်ပေးခံရတဲ့ ၃၂ နှစ်သား စိုးလင်းဦးအဖို့ ရုန်းကန်ရနိုင်မယ်လို့ ထင်ခဲ့ကြပေမဲ့ သံမဏိစိုးလင်းဦးကတော့ ပြိုင်ဘက်ကို ဒုတိယအချီမှာအလဲထိုးပြခဲ့ပါတယ်။

ရှေ့မှာ မိုးထက်အောင်က သူ့အတွက် ခက်ခဲတဲ့ပြိုင်ဘက်ကို တိုက်စစ်ဖွင့်ပြီး အလဲထိုး ဆုကြေးဘတ် ၃၅၀၀၀၀ ရသွားတာမို့ သိက္ခာနဲ့ဝါအရ ပြိုင်ဘက်ကိုအလဲထိုးအနိုင်ယူဖို့လိုလာတဲ့စိုးလင်းဦးတို့ ပထမအချီ တစ်မိနစ်လောက်မှာ တစ်ယောက်နဲ့တစ်ယောက်အကဲစမ်းနေရင်း စိုးလင်းဦးလက်က ဖေဘီယိုရဲ့ မျက်လုံးကိုချော်နှိုက်မိသွားတာပါ။ အားနာသွားပုံရတဲ့ စိုးလင်းဦးက လက်အုပ်လေးတချီချီတောင်းပန်နေပေမဲ့ ပွဲပြန် အတည်မှာတော့ နှစ်ယောက်စလုံးဆိုင်ထိုးပြိုင်ထိုးနဲ့ ဖွင့်ထိုးပါတော့တယ်။ ဒီလိုဆိုင်ထိုးပြိုင်ထိုးချိန်မှာ နှစ်ယောက်စလုံးထိချက်နာပေမဲ့ ၃၂ နှစ်သား သံမဏိစိုးကြီးရဲ့ လက်သီးချက်တွေကြောင့် ဖေဘီယိုဖင်ထိုင်ကျသွားခဲ့ပါတယ်။ ဒုတိယအချီမှာလည်း စိုးလင်းဦးနဲ့ ဖေဘီယိုတို့ဆိုင်ထိုးပြိုင်ထိုးပေမဲ့ ပွဲချိန် ၁ မိနစ် ၄၂ စက္ကန့်မှာတော့ စိုးလင်းဦးရဲ့ ဘယ်ဖြောင့်လက်သီးက ဖေဘီယိုရဲ့ မျက်နှာကိုထိပြီး ဖင်ထိုင်ကျ ဂျွမ်းပြန်သွားပြီး အလဲထိုးနဲ့အနိုင်ရသွားပါတယ်။ ဒါပေမဲ့လည်း စိတ်မကောင်းစရာကတော့ ဖေဘီယို့မျက်လုံးကို လက်နဲ့နှိုက်မိသလိုဖြစ်သွားတာကြောင့် ချတ္ထရီပေးမဲ့ဆုကြေးနဲ့ ဝေးခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စိုးလင်းဦးက ညစ်ပတ်တတ်တဲ့ကစားသမားမဟုတ်သလို မျက်လုံးနှိုက်မိတာကလည်း မတော်တဆဆိုတာ လက်အုပ်တချီချီတောင်းပန်နေတဲ့သူ့လုပ်ရပ်က သက်သေခံပါတယ်။

ဘာပဲဖြစ်ဖြစ် One Friday Fights 57 မှာ သန့်ဇင်မပါဝင်နိုင်ပေမဲ့ မိုးထက်အောင်နဲ့ စိုးလင်းဦးတို့က ပြိုင်ဘက်ကိုအလဲထိုးနဲ့နိုင်ခဲ့တာ၊ သွေးကြောင် ဘေးမရှောင်ဘဲ လက်ခဲတဲ့ပြိုင်ဘက်တွေကို တိုက်စစ်ဖွင့် တရစပ်ထိုးသတ်ပြီးဖျော်ဖြေမှုအပြည့်ပေးခဲ့တာကတော့ အားရစရာလို့ပြောရမှာပါပဲ….။

Leave a Reply

Your email address will not be published. Required fields are marked *