April 28, 2024

၂၉ .၃ .၂၀၂၄
Written by Hey Mar

လင်မယားချင်း စကားများရာက မယားပါသား ကြားကနေသေဆုံးခဲ့ရတဲ့ဖြစ်စဥ် မနေ့က မတ်လ ၂၈ ရက်နေ့ ညပိုင်းမှာ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ကမ်းနား မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က အသက် ၂ နှစ်အရွယ် ကလေးငယ်ကို ပထွေးက နင်းခြေ ကန်ကျောက် သတ်ဖြတ်ထားတာဖြစ်ပြီး သတ်ဖြတ်သူ လင်ယောက်ျားကထွက်ပြေးနေကာ ကလေးအမေဖြစ်သူကို ဗိုလ်တထောင်ရဲစခန်းက စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ လင်းလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက “လူကြီးနှစ်ယောက် ရန်ဖြစ်တာမှာ ကလေးက ဓါးစာခံ ဖြစ်ရတာပဲ။ ကလေးအမေပြောတာတော့ သူနဲ့ အခုထူထောင်ထားတဲ့ နောက်အိမ်ထောင်က သားသမီး တစ်ဦးစီအသီးသီးရှိတယ်။ သူတို့က ဗိုလ်တထောင်ကမ်းနားမှာ အိမ်ခြေမဲ့နေထိုင်ပြီး အမှိုက်ကောက်ကြတယ်ပေါ့။ အခုဖြစ်စဥ်မှာ သူတို့လင်မယားရန်ဖြစ်ပြီး သူ ကြံရည်ထွက်ဝယ်နေတုန်း သူ့ကလေးကို နောက်ယောက်ျားက သတ်သွားတယ် လို့ သူကတော့ သက်ဆိုင်ရာရှေ့မှာ ထွက်ဆိုတယ်။ သူ့ယောကျ်ားကတော့ ထွက်ပြေးသွားတယ်။ သူ့ကိုတော့ စခန်းက အမှုမှန်ပေါ်ပေါက်ရေး ထိန်းသိမ်းထားတယ်”လို့ MT News ကို ပြောပါတယ်။

အဆိုပါ ကလေးသေဆုံးနေတာကို ချက်ချင်းမသိရှိဘဲ သေဆုံးချိန် နှစ်နာရီခန့်ကြာမြင့်မှ ကလေးသေဆုံးနေ​ကြောင်းသိရှိကာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းထံ အကြောင်းကြားလာတာလို့ သိရပါတယ်။

“ကလေးအမေက သူအခုပေါင်းသင်းတဲ့ယောကျာ်းကို နာမည်ကလွဲရင် ဘာမှမသိဘူး။ ဘယ်မှာနေမှန်းမသိဘူး “လို့ လင်းလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။

ဖြစ်စဥ်မှာ ထွက်ပြေးနေတဲ့ သံသယတရားခံအမျိုးသားကို ဗိုလ်တထောင်ရဲစခန်းက ဖမ်းဆီးရမိရေး ကြိုးပမ်း​နေပြီး သေဆုံးသူကလေးရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာက စစ်ဆေးမှုတွေအပြီး လင်းလက်လူမှုကူညီရေးအသင်းကပဲ နာရေးကို စီစဥ်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *